ဒီဇင်ဘာလတွင် အမျိုးသမီးလိဂ် စတင်နိုင်ရန်ဘောလုံး အဖွဲ့ချုပ် ကြိုးပမ်း

ဒီဇင်ဘာလတွင် အမျိုးသမီးလိဂ် စတင်နိုင်ရန်ဘောလုံး အဖွဲ့ချုပ် ကြိုးပမ်း
အိုလံပစ်ခြေစစ်ပွဲ ပထမအဆင့်၌ သြစတြေးလျ အသင်းနှင့် ယှဉ်ပြိုင်နေသည့် အမျိျုးသမီးလက်ရွေးစင်အသင်းအား တွေ့ရစဉ် (ဓာတ်ပုံ- MFF)

ဇူလိုင် ၂၂၊ ရန်ကုန် ။      ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် မြန်မာနေရှင်နယ်လိဂ် အမျိုးသမီးပြိုင်ပွဲကို လာမည့် ၂၀၁၅ ဒီဇင်ဘာလအတွင်း စတင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ပြောသည်။

အဆိုပါ အမျိုးသမီးလိဂ်ပြိုင်ပွဲကို နေရှင်နယ်လိဂ် ကလပ်အသင်းများနှင့် ဝန်ကြီးဌာနအသင်းများမှ ပါဝင်မည် ဖြစ်ပြီး အနည်းဆုံး အသင်း ခြောက်သင်း (သို့) ရှစ်သင်းထိ ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

“ ကျွန်တော်တို့ ဒီနှစ်ကုန်ခါနီး ဒီဇင်ဘာလောက်မှာ အမျိုးသမီးလိဂ် စတင်နိုင်ဖို့ ကြိုးစားနေ ပါတယ်။ကော်မတီရွေးချယ် ပွဲတွေပြီး တာနဲ့ လိဂ်အတွက် စည်းဝေးဆုံးဖြတ်သွားမှာပါ။ ဖီဖာရဲ့ စည်းမျဉ်းအရဆို လေးသင်းနဲ့တောင် လိဂ်က စလို့ရပါတယ်။

အခုအထိတော့ ဝင်ပြိုင်ဖို့ အချို့သဘောတူထားတဲ့ အသင်း ခြောက်သင်းလောက်ရှိနေပါပြီ။ ရှစ်သင်းလောက်တော့ ပါဝင်နိုင်အောင် ကြိုးပမ်းနေပါတယ်။ ဆီမီးပရိုအဆင့်လောက်ကစဖို့ ကြိုးစားနေပါတယ်။ အမျိုးသမီးဘောလုံးအသင်းတိုးတက်ဖို့ ပြိုင်ပွဲတွေက အမြဲ ရှိနေဖို့လိုအပ်နေပါတယ်။ အဲဒီအတွက်လည်း မလွယ်ကူပေမယ့် အကောင်းဆုံး ကြိုးစားဆောင်ရွက်သွားမှာပါ ” ဟု ဦးဇော်ဇော်က ပြောသည်။

လက်ရှိတွင် မြန်မာအမျိုးသမီးကလပ်အသင်းအနေဖြင့် မြဝတီကလပ်အသင်းတစ်သင်းသာ တည်ရှိနေပြီး လက်ရွေးစင်အသင်း အနေဖြင့် သက်တမ်းအလိုက် ယူ-၁၆၊ ယူ-၁၉ နှင့် လက်ရွေးစင်အသင်းကြီးတို့သာ ်ရှိသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် လာမည့် စက်တင်ဘာလတွင် အိုလံပစ် ခြေစစ်ပွဲနှင့် ယူ-၁၉ အမျိုးသမီး အသင်း အနေဖြင့် နိုဝင်ဘာလတွင် ဗီယက်နမ် ယူ-၂၀ အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ယင်းပွဲစဉ်များအပြီးနောက် အခြားနိုင်ငံတကာပွဲစဉ်များ မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly