ပြည်သူတွေ ထမ်းဆောင်နေရတဲ့ အခွန်တွေ ဘယ်နေရာတွေမှာ အကျိုးရှိရှိ အသုံးချနေသလဲ (အပိုင်း ၁)

19 January 2017
ပြည်သူတွေ ထမ်းဆောင်နေရတဲ့ အခွန်တွေ ဘယ်နေရာတွေမှာ အကျိုးရှိရှိ အသုံးချနေသလဲ (အပိုင်း ၁)

ဒေါ်သင်းသင်းအောင် (မဇ္ဈိမသတင်းဌာန)

မင်္ဂလာပါရှင်။

ကျွန်မနာမည်ကတော့ ဒေါ်သင်းသင်းအောင် ဖြစ်ပါတယ်။ Mizzima Media Group ရဲ့ ဒါရိုက်တာတစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်မတို့ ဆွေးနွေးသွားမယ့် ခေါင်းစဉ်ကတော့ ပြည်သူတွေ ထမ်းဆောင်နေရတဲ့ အခွန်တွေ ဘယ်နေရာမှာ အကျိုးရှိရှိ အသုံးချနေသလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဒီအစီအစဉ်လေးမှာ ကျွန်မနဲ့အတူ ပါဝင်ဆွေးနွေးသွားကြမယ့် ဆရာတွေ ဆရာမတွေကတော့ ဒီဘက်ကတော့ ဆရာ ဦးကျော်ဇေယျဖြစ်ပါတယ်။ ဦးကျော်ဇေယျကတော့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့   ပြည်တွင်းအခွန် ဦးစီးဌာနရဲ့ ဦးစီးမှူး တစ်ယောက် ဖြစ်ပါတယ်။ အလယ်က ဆရာမကတော့ ဒေါ်စုမြတ်ထက် ဖြစ်ပါတယ်။ ဒေါ်စုမြတ်ထက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရဲ့ အစိုးရရဲ့ အာမခံချက်များ ကတိကဝတ်များနဲ့ တာဝန်ခံချက်များရဲ့ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌတစ်ယောက် ဖြစ်ပါတယ်ရှင့်။ ဟိုဘက်အစွန်ကတော့ ဆရာ ကိုဝဏ္ဏထွန်း ဖြစ်ပါတယ်။ သူကတော့ ဘဏ်များဆိုင်ရာ သတင်းအချက်အလက်ဆိုင်ရာ ဌာနအဖွဲ့အစည်းရဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ်တစ်ယောက် ဖြစ်ပါတယ်။

ကျွန်မကတော့ ခေါင်းစဉ်အတိုင်းပဲပေါ့နော် အခြားတိုင်းပြည်တွေလိုမှာပါပဲ ကျွန်မတို့ရဲ့ တိုင်းပြည်ရဲ့ အသုံးစရိတ်တွေကို ဘယ်ကနေပြီးတော့ ရှာဖွေ သုံးကြတယ်ဆိုတာ အားလုံးသိတဲ့အတိုင်းပါပဲ အစိုးရရဲ့ ဝင်ငွေကနေပြီးတော့ ပြန်ပြီးတော့ သုံးတာဖြစ်တယ်။ အဲဒီ ဝင်ငွေရှာတဲ့နေရာမှာ အရေးကြီးသော ဝင်ငွေ ရပေါက်ရလမ်းတစ်ခုက အခွန်ဖြစ်တယ်။ ပြည်သူတွေ ထမ်းဆောင်နေတဲ့ အခွန်ဖြစ်တယ်။ အဲဒီ ပြည်သူတွေထမ်းဆောင်နေရတဲ့ အခွန်တွေကိုပဲ အစိုးရကနေ အသုံးစရိတ်တွေကို ပြန်သုံးရတဲ့အခါကျတော့ ကျွန်မတို့တိုင်းပြည်မှာ အခုဆိုရင်လည်း ဒီမိုကရေစီဖော်ဆောင်တဲ့ လမ်းကြောင်းကို တက်လှမ်းနေတဲ့အခါမှာ အခြား ဒီမိုကရေစီနိုင်ငံတွေမှာ ကျင့်သုံးတဲ့ ပြည်သူတွေရဲ့ ထမ်းဆောင်တဲ့ အခွန်ပေါ့ အဲဒီအခွန်တွေရော ကျွန်မတို့တွေက တကယ်လိုအပ်တဲ့   ပြည်သူတွေအတွက် ဝန်ဆောင်မှုတွေ ပေးနိုင်တဲ့ အသုံးစရိတ်တွေကမှ ဘယ်လိုမျိုး သုံးဆောင်နေလဲ ဘယ်လိုမျိုး အသုံးပြုနေသလဲပေါ့နော်။ အဲလိုမျိုး ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဆရာ့ကို အရင်ဆုံး မေးချင်တာပေါ့နော်။ ဆရာ့အနေနဲ့ အခွန်ဦးစီးဌာနကလည်း ဖြစ်တယ်ဆိုတော့ အဲသလိုမျိုး အခွန်အခတွေကို ဘယ်လိုမျိုး စနစ်တကျ ကောက်ခံပြီးတော့မှ ဘယ်လို စနစ်တကျ သုံးစွဲတဲ့ အစီအစဉ်လေးကို ပြုလုပ်ပါသလဲရှင့်။ တိုင်းဒေသကြီး အဆင့်အနေနဲ့ပေါ့။

ဦးကျော်ဇေယျ (ဦးစီးမှူး)

ပြည်တွင်း အခွန်ဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး။

ကျွန်တော် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အရင်ဆုံး တင်ပြချင်တာက ကျွန်တော်တို့ ဘဏ္ဍာငွေရှာဖွေဖို့ အတွက်ကို နှစ်စဉ် ပြည်ထောင်စု အခွန်ကောက်ဥပဒေနဲ့ ကျွန်တော်တို့က ဘယ်ဝန်ကြီးဌာန ကနေပြီးတော့ ဒီနှစ်မှာတော့ ဘယ်လောက်ကောက်ပါမယ် ဘယ်ဝန်ကြီးဌာနကတော့ ဘယ်လောက် ကောက်ပါမယ်ဆိုပြီးတော့ ကျွန်တော်တို့ ပြည်ထောင်စု အခွန်ကောက်ဥပဒေနဲ့ သတ်မှတ်ပါတယ်။

သတ်မှတ်တဲ့အခါမှာ ၂၀၁၆ အခွန်ကောက်ဥပဒေမှာ ပြဌာန်းထားတာက ဝန်ကြီးဌာန ၁၂ ခုပေါ့နော် ဝန်ကြီးဌာနအောက်က အခွန်ကောက်မယ့်ဌာနတွေ အားလုံး ၂၁ ခုရှိပါတယ်။ အဲဒီလို သတ်မှတ်ပြီးတော့  အဲဒီဌာနတွေကနေပြီးတော့ ၂၀၁၆-၁၇ အတွက် အခွန်ကောက်ရမယ့်ဟာတွေကို လျာထားတာရှိပါတယ်။ အဲဒီမှာ အကုန်လုံး ဘယ်လောက်ရှိလဲဆိုရင် ကျပ်ဘီလျံပေါင်း ၆၂၁၉ ဘီလျံ လျာထားတာရှိပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ပေါ့။ အဲဒီမှာမှ ကျွန်တော်တို့က စီမံရေးနဲ့ ဘဏ္ဍာရေးအောက်မှာရှိတဲ့ ပြည်တွင်းအခွန်များဌာနကနေပြီးတော့ ဘီလျံပေါင်း ၄၄၀၀ ကျော်   ကောက်ခံရပါတယ်။ အဲတော့ တစ်နိုင်ငံလုံး ကောက်ခံရမယ့် လျာထားချက် ကျွန်တော်တို့ ပြည်တွင်းအခွန်များ ကောက်ခံတဲ့အခွန် ၅ မျိုးပေါ့နော်။

အဲဒီ ၅ မျိုးက ကျွန်တော်တို့ ၇၅ ရာခိုင်နှုန်း ပါဝင်ပါတယ်ခင်ဗျ။ အဲဒီမှာ ကျွန်တော်တို့ သတ်မှတ်ပေးထားတဲ့ အခွန် ကောက်ခံတဲ့နေရမှာဆိုရင် ….

ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေ သိန်းစုခွန်နဲ့ အခု ၂၀၁၆-၁၇ မှာ စတင်တဲ့ အထူးကုန်စည်ခွန်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့က ပြည်နယ်တိုင်း အားလုံးက ၁၄ ခု နောက် နေပြည်တော်ကောင်စီက ၁ ခု နောက်တစ်ခါ LTO လို့ခေါ်တဲ့ Last Test Office ရယ် နောက် MTO လို့ခေါ်တဲ့ Medium test Office ရယ် Test Player Office ရယ်ဆိုပြီး သုံးခုရယ် အားလုံးပေါင်း ၁၉ ခုရှိပါတယ်။ အဲဒီကနေ ကောက်တဲ့အခွန်တွေက ဘယ်ကိုဝင်သွားလဲဆိုရင် ကျွန်တော်တို့က ကျွန်တော်တို့ ဦးစီးဌာနရဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ ကျွန်တော်တို့ MD တွေရှိတယ်။ ဘယ်လိုခေါ်မလဲ ကျွန်တော်တို့ ကောက်ခံလိုက်တဲ့ အခွန်တွေက အားလုံးပေါ့ အရင်တုန်းကတော့ ကျွန်တော်တု့ိက UGCS လို့ ခေါ်ပါတယ်။ ဘဏ်စာရင်းတစ်ခုတည်းကိုပဲ အကုန်လုံး ဝင်သွားပါတယ်။ ကျွန်တေ်ာတို့ ကောက်လိုက်တဲ့ဟာဆိုလို့ရှိရင် ကျွန်တော်တို့ ပြန်သုံးစွဲရင် နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေထဲကိုပဲ အကုန်ဝင်သွားတာဖြစ်တယ်။ ကျွန်တော်တို့ကတော့ ပြည်တွင်းအခွန် ရှာရုံသက်သက်ပဲ ဖြစ်ပါတယ်။ သုံးတာကတော့ မြန်မာ့စီးပွားရေးဘဏ်ကမှ ကျွန်တော်တို့ လစဉ် ဗဟိုဘဏ်ကို စာရင်းချုပ်ပေးရပါတယ်။ အဲဒါ ဗဟိုဘဏ်ကမှတစ်ဆင့် ဝန်ကြီးဌာနကို ပြန်ပြီးတော့ ရတဲ့ငွေတွေ တင်ပြ သုံးမယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့က ကက်ဘိနက်နဲ့ ထိုင်ပြီးတော့မှ လွှတ်တော်ကနေတစ်ဆင့် ဘယ်လို ခွဲဝေသုံးစွဲရမလဲဆိုတဲ့ အဆင့်ဖြစ်ပါတယ်။

ဒေါ်သင်းသင်းအောင် (မဇ္ဈိမသတင်းဌာန)

ဟုတ်ကဲ့ရှင့်။ ဘဏ္ဍာရေးဝန်ကြီးဌာနကနေပြီးတော့မှ တစ်ဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ပြန်ပြီးတော့ ခွဲဝေပေးတဲ့ အသုံးစရိတ်ဖြစ်တာပေါ့။ လွှတ်တော်ကနေ အတည်ပြုပြီးတဲ့နောက်မှာပေါ့။

ဦးကျော်ဇေယျ (ဦးစီးမှူး)

ပြည်တွင်း အခွန်ဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး။

ဟုတ်ပါတယ်။

ဒေါ်သင်းသင်းအောင် (မဇ္ဈိမသတင်းဌာန)

ကျေးဇူးတင်ပါတယ်ဆရာ။ ဒုတိယအနေနဲ့ ဆရာမကို မေးချင်ပါတယ်။ အခု ဟုတ်ပြီ အခွန်တွေ ရပြီပေါ့။ ရတော့ အခွန်အပြင် အခြားသော ဝင်ငွေတွေရှိမယ်။ အခွန်တွေကနေပြီးတော့ ဘတ်ဂျက်ရေးဆွဲတဲ့အထဲမှာ ရောက်သွားပြီးတော့ အသုံးစရိတ်တွေ ပြန်ချတာပေါ့။ အဲလို အသုံးစရိတ်တွေ ချတဲ့နေရာမှာရော သက်ဆိုင်ရာ တကယ်ပဲ ပြည်သူတွေရဲ့ လိုအပ်ချက်ကို လွှမ်းခြုံတဲ့ ပြည်သူတွေအတွက်ကို ဦးစားပေးလုပ်ရမယ့် လုပ်ငန်းတွေထဲမှာ ဘယ်လိုမျိုး အကျိုးရှိရှိ ထိထိရောက်ရောက်နဲ့ ဒါတွေကို ခွဲဝေ သုံးသလဲဆိုတာကို အဆင့်လေးကို ဆရာမအနေနဲ့ ပြန်ရှင်းပြပေးပါလား။

ဒေါ်စုမြတ်ထက် (စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်)

ကျွန်မအနေနဲ့ အဲဒီမေးခွန်းက ကျွန်မတို့ကိုက အထူးတလည် စိတ်ဝင်စားတဲ့ မေးခွန်းပေါ့နော်။ ကျွန်မတို့ တိုင်းဒေသကြီးမှာဆိုရင် သူတို့လက်အောက်မှာ တစ်ခုတည်းသောရှိတဲ့ စည်ပင်ပေါ့ စည်ပင်သာယာက ကောက်တဲ့အခွန်အခတွေကို မြို့နယ်စည်ပင်ပေါ့ အဲဒီအခွန်အခတွေက ကျွန်မတို့ မြို့နယ်တွေမြို့နယ်တွေမှာ စစ်ကိုင်းတိုင်းဆိုရင် မြို့နယ်ပေါင်း ၃၀ ကျော် အဲဒီမှာရှိတဲ့ စည်ပင်သာယာ အဖွဲ့တွေအကုန်လုံးက သူ့မြို့နယ်မှာကောက်တဲ့ အခွန်တွေကို ဒီမြို့နယ်အတွက် ပြန်ပြီးတော့ အသုံးချတယ်။

အဲတော့ ပြည်သူလူထုကလည်း စည်ပင်ကကောက်တဲ့ အခွန်အခကို ကိုယ့်မြို့နယ်အတွက် ပြန်အသုံးချတာဖြစ်တဲ့အတွက် ပွင့်လင်းမြင်သာမှု ရှိတာပေါ့နော်။ ဒါပေမယ့်လည်း ပြည်သူလူထုတွေ သိချင်တာက ကျွန်မတို့တွေလည်း စိတ်ဝင်တစား လေ့လာတာကတော့ ပြည်တွင်းအခွန်ဦးစီးဌာနကကောက်တဲ့ ကျွန်မတို့နိုင်ငံမှာဆိုရင် အခု ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်း ကောက်တယ်ပေါ့။ တစ်လကို ဒေါ်လာနဲ့တွက်မယ်ဆိုရင် ဒေါ်လာ ၁၈၀၀ လောက် ဝင်ငွေရရင် အခွန်က ၃၀ ရာခိုင်နှုန်း ပေးနေရတာပေါ့နော်။ သူများ ပြည်ပနိုင်ငံမှာဆိုရင် ကျွန်မတို့ လေ့လာရသလောက် အခွန်က ၅ ရာခိုင်နှုန်း ၉ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ အဲတော့ နောက်ဆုံး နိုင်ငံသားတွေက သူ့တာဝန်မို့လို့ ၁၅ ရာခိုင်နှုန်းလောက် ပေးရတယ်ထားဦး တခြားဝန်ဆောင်မှုတွေဖြစ်တဲ့ နိုင်ငံတော်က ကျန်းမာရေး၊ ပညာရေး၊ စောင့်ရှောက်မှုတွေ ဝန်ဆောင်မှုတွေ ရတယ်ဆိုရင် အခြေအနေက မဆိုးဘူးပေါ့နော်။ အဲတော့ ရာခိုင်နှုန်းတွေထဲက ဘယ်လောက်ကို ဘယ်ဝန်ဆောင်မှုအတွက် ဘယ်လိုသုံးတယ်ဆိုတာကို ကျွန်မတို့ ပြည်သူတွေက သိခွင့်ရှိရမယ်။ သိခွင့်ရှိရမယ်ဆိုတာက ကျွန်မတို့မှာက အခု ဆွေးနွေးကြတယ် ရသုံးမှန်းခြေ ငွေစာရင်း CSO တွေလည်း ပြောသွားကြတယ် လွှတ်တေ်ာကိုယ်စားလှယ်တွေလည်း ပြောကြတယ် ဒေသဆိုင်ရာ စီမံကိန်းတွေ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ CSO တွေလည်း သိခွင့် နည်းနေသေးတာပေါ့နော်။ ပါဝင်ခွင့်နည်းတယ်။

ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေတောင်မှ ပြည်သူတွေရဲ့ ကိုယ်စားပြုပြီးတော့မှ ကျွန်မတို့က တွန်းတွန်းတိုက်တိုက် ပြောနေလို့သာ ဒီလိုသုံးစွဲမှုတွေ ဒီလိုစီမံကိန်းတွေမှာ သင့်တော်တယ် မသင့်တော်ဘူး ပြီးတော့ အကြံပြုပေးနိုင်တယ်ပေါ့ လွှတ်တော်ထဲကို ရောက်လာတဲ့အခါကျတော့ ကျွန်မတို့ ခုနကတုန်းကလည်း ပြောသွားတယ် ကျွန်မတို့တွေ လေ့လာရတာ အချိန်မလောက်ဘူး။ ပြီးခဲ့တဲ့ ကျွန်မတို့ တိုင်းဒေသကြီးမှာဆိုရင် ကျွန်မတို့တွေ လွှတ်တော်ထဲကို ရောက်တော့မှ ကျွန်မတို့ရဲ့ ခုံတွေအသီးသီးမှာ ချထားတယ်။ ချထားပြီးတော့ တစ်ခါတည်းပဲ ဒီနေ့အပြီး အတည်ပြုရမယ်ဆိုတဲ့အခါမှာ ကျွန်မတို့ သိပ်ပြီးတော့ လွှတ်တော်နဲ့ အစိုးရနဲ့တောင်မှ ပွတ်တိုက်မှုတွေ ရှိတယ်ပေါ့နော်။ အဲတော့ ကျွန်မတို့ကလည်း အတတ်နိုင်ဆုံးတော့ ခုနက မသင်းသင်းအောင် မေးသလိုမျိုးပဲ တကယ်တမ်းဖြစ်ပေါ်နေတာက ပြည်သူလူထု အကျိုးရှိမယ့် နေရာတွေမှာ အသုံးပြုခွင့်ရရေး ကျွန်မတို့ လွှတ်တေ်ာကိုယ်စားလှယ်တွေက ဒီထက်ပိုပြီး အကြံတွေပေးနိုင်ဖို့ လွှတ်တော်က ဒီထက်ပိုပြီးတော့ အသက်ဝင်ဖို့ ကျွန်မတို့ တော်တော်လေးကို လိုအပ်ပါတယ်။

အဲတော့ ကျွန်မတို့ သိနေတာကတော့ အခုဆိုရင် ကျွန်မတို့ Citizen Budget ကို လေ့လာတဲ့အခါမှာ ပညာရေးအသုံးစရိတ်တွေ မြင့်တက်လာတာတွေ့ရပါတယ်။ နောက် ကျန်းမာရေးအသုံးစရိတ်တွေလည်း အစိုးရသစ်လက်ထက်မှာ ပိုပြီးတော့ အသုံးပြုလာတယ်။ ပိုပြီးတော့ ရာခိုင်နှုန်းတွေ တိုးလာတာကိုလည်း တွေ့ရပါတယ်။ ဒီထက်ပိုပြီးတော့လည်း ပြည်သူလူထု တကယ်လိုအပ်တဲ့နေရာမှာ ဒီအခွန်တွေ တိုင်းပြည်ဘဏ္ဍာတွေ ပိုပြီးတော့ ထိထိရောက်ရောက် ရရေးကတော့ လွတ်တော်တွေကလည်း ကြိုးစားဆောင်ရွက်ရမယ်။ အစိုးရကလည်း ကျွန်မတို့ လွှတ်တော်တွေပေးတဲ့ အကြံတွေ လွှတ်တေ်ာမှာ အတည်ပြုတဲ့ ဘတ်ဂျက်တွေနဲ့ ပတ်သက်ပြီးတော့ ပယ်ဖျက်လိုက်တာတွေနဲ့ ပတ်သက်ပြီးတော့လည်း ညှိနှိုင်းပြီးတော့ ဆောင်ရွက်ရဦးမှာပါ။

ဒေါ်သင်းသင်းအောင် (မဇ္ဈိမသတင်းဌာန)

ကိုဝဏ္ဏကရော အခုတစ်လောဖြစ်နေတဲ့ အခွန်သုံးစွဲတဲ့နေရာမှာ မသိရဘူးဆိုတော့ ရာခိုင်နှုန်း ဘယ်နေရာမှာ ပြည်ထောင်စု ဘတ်ဂျက်ပေါ့နော် ပြည်ထောင်စု ရသုံးမှန်းချေ ငွေစာရင်းမှာတော့ ဝင်ငွေတွေကို သူက ရေးထားလိုက်တယ်။ ဘယ်လောက်ဘယ်လောက်ပေါ့ အဲဒီမှာမှ အခွန်က ဘယ်လောက်ရတယ်ဆိုတဲ့ ရာခိုင်နှုန်းကိုလည်း သတ်မှတ်တယ်ပေါ့နော်။ သတ်မှတ်တဲ့အလျှောက် ပညာရေးဘယ်လောက်၊ ကျန်းမာရေးဘယ်လောက်၊ စသည်ဖြင့် ရာခိုင်နှုန်းတွေနဲ့ တွက်တဲ့အခါကျတော့ အဲဒါတွေကျတော့ တကယ်ပဲ ပြည်သူတွေက တကယ်သိနိုင်သလား၊ အဲဒီ ရာခိုင်နှုန်းတွေကို ကြည့်ပြီးတော့မှ ဒီစာရင်းဇယားတွေကို နားလည်ကြသလား ပြည်သူတွေက တကယ်ပဲ လိုအပ်တဲ့ ထိရောက်တဲ့နေရာမှာ လုံလုံလောက်လောက် သုံးတာဖြစ်ရဲ့လားဆိုတာ ဘယ်လိုမျိုး သိမြင်နိုင်မလဲ။ အဲဒီ ရာခိုင်နှုန်းတွေ ကြည့်ပြီးတော့ပေါ့။

ဦးဝဏ္ဏထွန်း (Bank Information Center )

ကျွန်တော်ကတော့ ဒီနေရာမှာ သာမာန်ပြည်သူတစ်ယောက်လို စဉ်းစားတာပေါ့။ စဉ်းစားမယ်ဆိုရင် ပထမ တစ်အချက်က ဥပမာ ခုနကပြောတဲ့ ရသုံးမှန်းခြေငွေစာရင်းမှာ အရပိုင်းရှိမယ်၊ အသုံးပိုင်းရှိမယ်။ ကျွန်တော် ပြည်သူတစ်ယောက်အနေနဲ့ဆိုရင် ဘယ်ကနေဘယ်လိုရလဲဆိုတာ ကျွန်တော် စိတ်မဝင်စားဘူး နောက်ပြီးတော့ ခုနကပြောတဲ့ ဝင်ငွေ ရပေါက်ရလမ်းလို့ ပြောတဲ့အခါမှာ ရာခိုင်နှုန်းတွေကို ကျွန်တော် နားလည်းမလည်ဘူး သိပ်ပြီးတော့လည်း စိတ်မဝင်စားဘူး။ ဒါပေမယ့် ကျွန်တော်က ဘာကို စိတ်ဝင်စားလဲဆိုတော့ ကျွန်တော် ဘာရမှာလဲဆိုတာကိုပဲ စိတ်ဝင်စားတယ်။ အဲဒီထက်ပိုပြီးတော့ ကျွန်တော် တစ်ဆင့်ပြောရရင် ဥပမာအားဖြင့် ကျွန်တော်တို့ လစာရတယ်။ အဲဒီလစာရဲ့ ရာခိုင်နှုန်းအချို့ကို အခွန်အနေနဲ့ ကျွန်တော်တို့ ဆောင်လိုက်တယ်။ အဲဒီအတွက် ကျွန်တော်တို့ အတုံ့အပြန်အနေနဲ့ ဘာရမှာလဲ ပြည်သူ့ဝန်ဆောင်မှု ဘာရမှာလဲဆိုတဲ့ အပိုင်းကိုပဲ ကျွန်တော်တို့ စဉ်းစားတယ်။ အဲဒီအခါမှာကျတော့ ကျွန်တော်ထင်တယ်။ လက်ရှိဖြစ်နေတဲ့အနေအထားအရ အခွန်လို့ပြောပြီဆိုလို့ရှိရင် ပထမတစ်အချက် ဘာကိုပဲ ပြေးမြင်သလဲဆိုရင် အိတ်ထဲကပိုက်ဆံ ထွက်သွားတာကိုပဲ မြင်တယ်ပေါ့။ ဒါပေမယ့် တကယ်က ကျွန်တော်တို့ နားလည်အောင် ပြောသင့်တာက အိတ်ထဲကပိုက်ဆံ ထွက်သွားတာရဲ့ နောက်ကွယ်မှာ ခုနကပြောတဲ့ ပြည်သူတွေ ရသင့်ရထိုက်တဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ ပြန်ပေးရတယ်ဆိုတာကို ကျွန်တော်တို့ သိဖို့လိုတာပေါ့။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရပဲကြည့်ကြည့် နိုင်ငံသားတစ်ယောက်မှာ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့် တစ်ဖက်က နိုင်ငံသားတစ်ယောက်မှာလည်း နိုင်ငံသားရဲ့ တာဝန်ဆိုတာ ရှိတယ်ပေါ့။ အခွင့်အရေးမှာ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုရဖို့ ရှိတယ်လို့ ပြောပြီဆိုရင် တာဝန်မှာ ကျွန်တော်တို့ နိုင်ငံသားတစ်ယောက်အနေနဲ့ အခွန်ဆောင်မှုရှိတယ်။ အရင်တုန်းကတော့ ကျွန်တော်တို့ထင်တယ် အခွန်ပေးတယ်ဆိုတာက ပြီးခဲ့တဲ့ အစိုးရလက်ထက် သက်တမ်း တစ်ဝက်လောက်က စပြီးတော့ ၂၀၁၂ နောက်ပိုင်းလောက်မှ စပြီးတော့ Popular ဖြစ်လာတဲ့ဟာပေါ့နော်။ အဲဒီအရှေ့ပိုင်းမှာတော့ ဝင်ငွေခွန်ပေါ့ အထူးသဖြင့်ပေါ့ ဝင်ငွေခွန်ဆိုတဲ့ကိစ္စကို ဘယ်သူမှ အလေးမထားကြဘူး။ ဘယ်သူမှလည်း မပေးကြဘူး။ မပေးကြတဲ့အခါကျတော့ အခုနောက်ပိုင်းမှာ ခေတ်စားလာတယ်။ ခေတ်စားလာတဲ့အခါမှာ ကျွန်တော်တို့ ကြည့်တာက ပြည်သူတစ်ယောက်အနေနဲ့ စပေးတယ် ၂၀၁၂ မှာ အခွန်စပေးတယ်။ အခုထိ ဥပမာအားဖြင့် တစ်လကို ကျွန်တော် ၄၀၀၀၀ အခွန်ပေးတယ်။ ဒါပေမယ့် အခုထိ ကျွန်တော်ပေးခဲ့တဲ့ပိုက်ဆံက သုံးနှစ် လေးနှစ် ဖြစ်သွားပြီ။ အစိုးရကို ပေးတာ Amount တစ်ခုရှိနေပြီ။ အဲဒီအတွက် ကျွန်တော် ဘာပြန်ရလဲပေါ့။ လက်ရှိအနေအထားမှာ ကျွန်တော် ဘာမှမရဘူး။ ပြောချင်တာက သိသာထင်ရှားတဲ့ ဝန်ဆောင်မှုတွေ တိုးလာတယ်ဆိုတာ ကျွန်တော့်မှာ မရှိဘူး။ အဲဒီအတွက် ကျွန်တော်တို့လည်း မပေးချင်ဘူး။ ဒါပေမယ့် အဲဒီမှာ တစ်ချို့ကတော့ ဘယ်လိုပြောလဲဆိုတော့ အစိုးရတွေကလည်း သူတို့က ဒါကို ဖျောက်ထားတာပေါ့။ တချို့အစိုးရတွေက နိုင်ငံသားအခွင့်အရေး ခုနကပြောတဲ့ အခြေခံ ပြည်သူ့ဝန်ဆောင်မှုတွေ ပေးဖို့ရာ သူတို့မှာ မရှိတဲ့အခါကျတော့ သူတို့က ဘာနဲ့ပြန်ဖြေလဲဆိုတော့ မင်းတို့မှာ အခွန်မပေးတာ ငါတို့မှာ ဝန်ဆောင်မှု ပေးစရာမရှိဘူး။ အဲလိုပဲ ပြည်သူကလည်း ဘာဖြစ်လဲဆိုတော့ မင်းတို့မှဝန်ဆောင်မှုမပေးတာ ငါတို့က ဘာလို့ အခွန်ပေးရမှာလဲပေါ့။

ဆိုတော့ အဲဒီဟာကြီးက ပြောချင်တာက အဆိုးသံသရာကြီး လည်နေတာပေါ့။ ဆိုတော့ ကျွန်တော်အယူအဆကတော့ အစိုးရနဲ့ ပြည်သူကြားထဲက ခုနကပြောတဲ့ ပေးတယ်မပေးဘူးဆိုတာကို ခဏမေ့ထားပြီးတော့ ခိုင်မာတဲ့ယုံကြည်မှုတစ်ခုဆိုတဲ့ဟာကို မတည်ဆောက်နိုင်ဘူးဆိုရင် အခွန်ရဖို့ မရဖို့ကလည်း ပေးမယ် ယူမယ်ဆိုတဲ့ မေးခွန်းကြီးကလည်း အကြီးကြီး ဖြစ်နေတာပေါ့။

အဲဒီမှာမှ ကျွန်တော်တို့က နောက်တစ်ချက် ထပ်မြင်တာက အခွန်ဆိုရင် ကျွန်တော်တို့က တိုက်ရိုက်အခွန်ကိုပဲ မြင်တယ်။ ဆိုတော့ သူတို့ကလည်းပြောတယ် မင်းတို့ကမှ ဝင်ငွေခွန်မပေးတာ ငါတို့က ဘာမှ လုပ်ပေးစရာမရှိဘူး ဒါပေမယ့် ကျွန်တော်တို့ နေ့တဒူ ကြည့်လိုက်မယ်ဆိုရင် အခွန်ဆိုတဲ့နေရာမှာ တိုက်ရိုက်ခွန်ရှိသလို သွယ်ဝိုက်ခွန်လည်း ရှိပါတယ်။ ဆိုတော့ ကျွန်တော်တို့ အိတ်ကပ်ထဲကနေပြီးတော့ လစဉ်ဝင်တဲ့ လစာထဲက ရာခိုင်နှုန်းတစ်ချို့ ပေးချင်းသည် ဝင်ငွေကို တိုက်ရိုက်အခွန်ထဲမှာပါတယ် ဒါပေမယ့် ဒီအိင်္ကျီတစ်ထည်ကို ကျွန်တော် ထိုင်းမှာဝယ်ရင် တစ်ထည်ကို ၅၀၀၀ နဲ့ပေးရတယ်။ ဒါပေမယ့် မြန်မာပြည်မှာ ကျွန်တော် ၈၀၀၀ ၉၀၀၀ နဲ့ ဘာဖြစ်လို့ ပေးရတာလဲ။ ခုနကပြောတဲ့ အဆင့်ဆင့်သော သယ်ယူပို့ဆောင်ခတွေ နောက်ပြိးတော့ လုပ်ငန်းလိုင်စင်တွေ အဆင့်ဆင့် လျှောက်ရတဲ့အခါကျတော့ ဒီလုပ်ငန်းရှင်က ကျွန်တော်ဝယ်တဲ့အခါမှာ ၅၀၀၀ နဲ့ ဘယ်ရောင်းနိုင်ပါ့မလဲ။ အဲတော့ ၈၀၀၀ ဖြစ်သွားတယ်။ ဆိုတော့ အဲဒီဟာတွေသည် ဘယ်သူ့ဆီမှာ လာပုံလဲဆိုတော့ စားသုံးသူတွေဆီမှာ လာပုံနေတယ်။ အဲဒီရဲ့ ရာခိုင်နှုန်းအချို့သည် ဘယ်သူ့ဆီကို ရောက်နေလဲဆိုတော့ လုပ်ငန်းရှင်ဖြစ်တဲ့ သူ့လုပ်ငန်းရဲ့ ရေခွန်၊ မီးခွန်တွေက အစိုးရဆီကို သွားတာဖြစ်တယ်။ ဆိုတော့ တိုက်ရိုက်အခွန် မပေးသော်လည်းပဲ ကျွန်တော်တို့သည် သွယ်ဝိုက်အခွန်အနေနဲ့ အမြဲတမ်းပေးနေရတယ်။

ဆိုတော့ ကျွန်တော်အယူအဆအရတော့ တိုက်ရိုက်အခွန်ကိုကောက်ပါ၊ ဒါပေမယ့် သွယ်ဝိုက်အခွန်တွေကိုတော့ လျော့ချပေးပါဆိုတဲ့ ဟာမျိုးကို ကျွန်တော်တို့ ပြောချင်တာပေါ့။ ဆိုတော့ ဘယ်နေရာမှာ အကျိုးရှိရှိ သုံးနေလဲ မသုံးနေလဲဆိုတဲ့ဟာက လောလောဆယ်တော့ ကျွန်တော်အယူအဆက်တော့ ကျွန်တော်တို့အမြင်အရတော့ ပြောရ နည်းနည်းခက်တယ်။ ဒါပေမယ့် မြင်သာလာတာက ဘာလဲဆိုရင် အရင်တုန်းက ကျွန်တော်တို့ ၂၀၁၃ မတိုင်ခင်လောက်ထိ ကျွန်တော်တို့ နယ်တွေမှာ ကျောင်းရှိတယ် ဆရာမတွေရဲ့ ဖွဲ့စည်းပုံရှိတယ်။ ဒီအတန်းအတွက် ဆရာမဘယ်နှစ်ယောက် ဒီကျောင်းအတွက် ဆရာတွေ ဆရာမတွေ ဘယ်နှစ်ယောက်ရှိရမယ်လို့ ပြောတယ်။ ဒါပေမယ့် တကယ့်လက်တွေမှာ ရှိမနေဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ ဘာပဲပြောပြော ဝင်ငွေတိုးလာတယ် တိုင်းပြည်မှာ တိုးလာတဲ့အခါကျတော့ ဆရာဆရာမတွေ ပိုခန့်လာနိုင်တယ်။ နောက်ပြီးတော့ ကျန်းမာရေး ဆေးပေးခန်းတွေမှာ ဆေးရုံတွေမှာ အရင်တုန်းကဆိုရင် အကုန်လုံးက ဝယ်သုံးရတာပဲလေ။ အခုနောက်ပိုင်းမှာ ဘာပဲပြောပြော ကျွန်တော်တို့သည် ပြောချင်တာက အခကြေးငွေ ပေးစရာမလိုတဲ့ ကုသ စောင့်ရှောက်မှုတွေ အခမဲ့ရလာတာက ဒါက ဘာပဲပြောပြော ထင်သာမြင်သာတဲ့ အပြောင်းအလဲလို့ ကျွန်တော်တို့ ယူဆလို့ရပါတယ်။

ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly