ချင်းတွင်းမြစ်အတွင်း တက္ကသိုလ် ကျောင်းသား/သူ ၃ ဦးရေနစ်သေဆုံး

ချင်းတွင်းမြစ်အတွင်း တက္ကသိုလ် ကျောင်းသား/သူ ၃ ဦးရေနစ်သေဆုံး
ရေနစ်သေဆုံးခဲ့သည့်တက္ကသိုလ်ကျောင်းသား/သူများအားရှာဖွေနေစဉ်။ (ဓာတ်ပုံ- မုံရွာမှာဘာဖြစ်နေလဲ FB)

မုံရွာ၊ ဇန်နဝါရီ ၁၉။         ။ ယင်းမာပင်မြို့နယ်၊ လက်ခုပ်ပင်ကျေးရွာအနီး၊ ချင်းတွင်းမြစ်အတွင်းတွင် ယခုလ ၁၈ ရက် ညနေပိုင်းက တက္ကသိုလ်ကျောင်းသား/သူ ၃ ဦး ရေနစ်သေဆုံးခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ တက္ကသိုလ်ကျောင်းသား/သူ ၅ ဦးသည် ဇန်နဝါရီ ၁၈ ရက်ညနေက မုံရွာမြို့၊ ရွှေတောင်ဦးဘုရားသို့ ဘုရားဖူး လာရောက်ကြပြီး ချင်းတွင်းတံတားအနီး သဲသောင်ပြင်မှ မြစ်အတွင်း   ရေဆင်းချိုးခဲ့ကြသည်။

ယင်းသို့ရေချိုးကြစဉ် မသန်းသန်းဆင့်(၂၀) နှစ်၊ စတုတ္ထနှစ်၊ စီးပွားရေးတက္ကသိုလ်သည် ရေနစ်ခဲ့သောကြောင့် မောင်ကုဋေအောင်(၁၉)နှစ် နှင့် မဟန်နီစိမ့် (၂၀)နှစ် တို့မှ လိုက်လံဆယ်ယူခဲ့ကြသည်။

သို့သော်လည်း လိုက်လံဆယ်ယူသူ နှစ်ဦးပါ ရေနစ်မြုပ်ခဲ့ကြပြီး မသန်းသန်းဆင့် တစ်ဦးတည်းသာလျှင် အခင်းဖြစ်ပွားရာနေရာတွင် ဆယ်ယူရရှိခဲ့သည်။

ယင်းကြောင့် သက်ဆိုင်ရာမြို့မရဲစခန်းမှ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ်အား စစ်ဆေးလျက်ရှိကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး နယ်မြေသတင်း များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly