တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ချယ်လ်ဆီးအသင်း အရေးယူမည် မဟုတ်

တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ချယ်လ်ဆီးအသင်း အရေးယူမည် မဟုတ်

ဇန်နဝါရီ ၁၉၊ အင်္ဂလန် ။             ။ လေ့ကျင့်ရေးကွင်းတွင် ကြံ့ခိုင်ရေးမှူးနှင့် ပြဿနာဖြစ်ပွားခဲ့သည့် တိုက်စစ်မှူးဒီရေဂိုကော်စတာကို ချယ်လ်ဆီးအသင်းက အရေးယူမည်မဟုတ်ကြောင်း သိရှိရသည်။

ချယ်လ်ဆီးအသင်းက လက်စတာအသင်းကို ဝ-၃ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲမတိုင်ခင် လေ့ကျင့်ရေးကွင်း၌ ပြဿနာဖြစ်ခဲ့ခြင်းဖြစ်သည်။ ကော်စတာက ကျောဒဏ်ရာရှိနေသည်ဟု အကြောင်းပြခဲ့သောကြောင့် နည်းပြကွန်တီကလည်း လက်စတာနှင့်ပွဲစဉ်တွင် ၎င်းကို ချန်လှပ်ထားခဲ့သည်။

ကော်စတာကို တရုတ်စူပါလိဂ်ကလပ် တီယန်ဂျင်းအသင်းက တစ်နှစ်လုပ်ခလစာငွေ ပေါင်သန်း ၃၀ ပေးချေမည်ဟု ကမ်းလှမ်းခဲ့ပြီး စပိန်တိုက်စစ်မှူးကလည်း စိတ်ဝင်စားနေသည်ဟု သတင်းများက ဆိုခဲ့ကြသည်။ သို့သော် ယခုအချိန်တွင် ကော်စတာသည် ချယ်လ်ဆီးအသင်းနှင့် ပြန်လည်ပူးပေါင်းနေပြီ ဖြစ်သည်။

ကော်စတာ၏အပြုအမူမှာ အရေးယူခံရဖွယ်ရှိသည်ဟု နည်းပြကွန်တီက သတိပေးခဲ့သော်လည်း ချယ်လ်ဆီးအသင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ ၎င်းတို့အသင်းအနေဖြင့် ဒဏ်ရာကြောင့်အနားယူနေရပြီး ပြန်လာသည့် ကစားသမားကို အရေးယူခြင်းမရှိပါဟု ပြောဆိုခဲ့သည်။

လက်ရှိတွင် ကော်စတာသည် ပရီးမီးယားလိဂ်တွင် ၁၄ ဂိုးသွင်းယူထားပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူ ဖြစ်သည်။

ရည်ညွှန်း sportsmole

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly