ကိုဖီအာနန် ဦးဆောင်သော ရခိုင်အကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာ ဖေဖော်ဝါရီလအတွင်း တင်သွင်းမည်

ကိုဖီအာနန် ဦးဆောင်သော ရခိုင်အကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာ ဖေဖော်ဝါရီလအတွင်း တင်သွင်းမည်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ ကိုဖီအာနန် ဦးဆောင်သည့် အဖွဲ့တို့သည် NRPC၌ စက်တင်ဘာလ ၅ရက်နေ့ နံနက်ပိုင်းတွင် တွေ့ဆုံနေပုံ။ ဓာတ်ပုံ -သူရ/မဇ္ဈိမ

ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ။                     ။ ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာကို လာမည့်ဖေဖော်ဝါရီလအတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်ထံ တင်သွင်းသွားမည်ဟု ကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဟာဂျီဦးအေးလွင်က မဇ္ဈိမသို့ ပြောသည်။

"နောက်လထဲမှာ တင်သွားမယ်၊ ရခိုင်ပြည်ငြိမ်းချမ်းသာယာရေးအတွက်ကို ဘာတွေလုပ်ရင် အကောင်းဆုံးဖြစ်မလဲ ဆိုတာပေါ့။ အဲ့ထဲမှာ လူအဖွဲ့အစည်းနှစ်ခုငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ထည့်သွင်းထားတယ်" ဟု ဦးအေးလွင်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများရှိသည်ဟု ပြောဆိုမှုများအပေါ် မစ္စတာ ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ကော်မရှင်အနေဖြင့် ဒီဇင်ဘာ ၂ ရက်နေ့မှ  ၃ ရက်အထိ ရခိုင်ပြည်နယ်သို့ နှစ်ရက်ကြာ သွားရောက်ခဲ့ပြီး ရခိုင်ပြည်နယ်မှ နှစ်ဖက်အသိုင်းအဝိုင်းနှင့်   တွေ့ဆုံခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးဟောင်း ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို ပြီးခဲ့သည့်နှစ် သြဂုတ်လ ၂၄ ရက်နေ့က အတိုင်ပင်ခံရုံးမှ ဖွဲ့စည်းပေးထားခဲ့ပြီး အစီရင်ခံစာကို တစ်နှစ်အတွင်း အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်သွင်းခံရမည်ဖြစ်သည်။ ကော်မရှင်၏ တာဝန်များထဲတွင် ပြည်ပနိုင်ငံများတွင် ဒုက္ခသည်အဖြစ်ခံယူသူများ၏ ပင်ရင်းနိုင်ငံနှင့် နောက်ခံအကြောင်းအရာများအပါအဝင် နိုင်ငံတကာဆက်နွယ်မှုများကို သုံးသပ်သွားရမည်ဟု ဖော်ပြထားသည်။

ယခုရက်ပိုင်း ဇန်နဝါရီလ ၁၇ရက်နှင့် ၁၈ ရက်တွင် ကော်မရှင်မှ သွားရောက်ခဲ့သည့် ရခိုင်ပြည်နယ် ကျောက်ဖြူခရီးစဉ်အတွင်းအပြုသဘောဆောင်သည့် လက္ခဏာများ ရှိနေခဲ့ပြီး ကော်မရှင်ကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်မှုများ ရှိနေခဲ့သည်ဟု ဦးအေးလွင်က ပြောထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly