လန်ဒန်မြို့ မဒမ်တူးဆော့ ပြတိုက်တွင် အိုဘားမား၏ ရုပ်တုနေရာ၌ ဒေါ်နယ်ထရန့်၏ ဖယောင်းရုပ်တုဖြင့် အစားထိုး

လန်ဒန်မြို့ မဒမ်တူးဆော့ ပြတိုက်တွင် အိုဘားမား၏ ရုပ်တုနေရာ၌ ဒေါ်နယ်ထရန့်၏ ဖယောင်းရုပ်တုဖြင့် အစားထိုး

ဇန်နဝါရီ ၁၉ ။            ။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မဒမ်တူးဆော့ ဖယောင်းပြတိုက်၌ အမေရိကန်သမ္မတဖြစ်လာတော့မည့် ဒေါ်နယ်ထရန့်၏ ဖယောင်းရုပ်တုကို ဇန်နဝါရီ ၁၈ ရက်မှစ၍ စတင်ထားရှိ   ပြသထားနေပြီဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အပြာရင့်ရောင် ဝတ်စုံ၊ အဖြူရောင် ရှပ်အကျီ၊ အနီရောင် နက်ကတိုင် တို့အပါအဝင် ၎င်း၏ အမှတ်အသားဖြစ်သော ရွှေညိုရောင် ဆံပင်ပုံစံဖြင့် ထရန့်၏ ဖယောင်းပုံတူကို မြင်တွေ့ရမည်ဖြစ်ပြီး အိမ်ဖြူတော် ဘဲဥပုံ ရုံးခန်း ပုံစံတူ အခန်းနေရာတစ်ခုအတွင်း ထားရှိပြသထားသည်။

ဒေါ်နယ်ထရန့်မှာ ၎င်း၏ လက်နှစ်ဘက်ကို ခါးတွင် ဟန်ပါပါ ကိုင်ထားသည့် ပုံစံကိုပါ မြင်ရမည်ဖြစ်ပြီး ၎င်း၏ သုန်မှုန်နေသော မျက်နှာအမူအရာအတိုင်းပါ တွေ့ရှိနိုင်မည်ဖြစ်သည်။

ဖယောင်းရုပ်တုတွင် ထရန့်၏ အမှတ်အသား ဆံပင်ပုံစံ ပုံသွင်းရန်အတွက် အထူးကျွမ်းကျင်ပညာရှင်များကို ခေါ်ယူငှားရမ်းခဲ့ရပြီး မိတ်ကပ်ပညာရှင်များကလည်း ၎င်း၏ သုန်သုန်မှုန်မှုန် မျက်နှာအသွင်အပြင်နှင့် ဆင်တူအောင် ဖန်တီးခဲ့ကြရသည်။

ဒေါ်နယ်ထရန့်မှာ လာမည့် ဇန်နဝါရီ ၂၀ တွင် အမေရိကန်သမ္မတအဖြစ် ကျမ်းကျိန်တော့မည်ဖြစ်သည်။

ယခုကဲ့သို့ ပြတိုက်တွင်းရှိ ဘဲဥပုံ ရုံးခန်းသို့ ထရန့်၏ ရုပ်တု ရောက်ရှိလာခြင်းနှင့်အတူ ရာထူးမှထွက်ခွာတော့မည့် အိုဘားမား၏ ရုပ်တုကို ပြတိုက်တွင်းမှ သယ်ထုတ်သွားသည်ကိုလည်း တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly