မြန်မာ့လယ်ယာအားလုံးကို ရန်ကုန်တိုင်းဒေသကြီးမှ ဦးဆောင်သွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြော

မြန်မာ့လယ်ယာအားလုံးကို ရန်ကုန်တိုင်းဒေသကြီးမှ ဦးဆောင်သွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြော
(ဓာတ်ပုံ - ဟောင်ဆာ၊ မဇ္ဈိမ)

မြန်မာ့လယ်ယာကဏ္ဍတစ်ခုလုံးကို ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍမှ စံပြအဖြစ် ဦးဆောင်သွားမယ်လို့ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) မှာ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။

မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဖက်ဖက်က အဖွဲ့အစည်းများမှ သီးခြားစီ လုပ်ဆောင်နေတဲ့အတွက် အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားများ ပေါင်းစပ်ကာ စီမံချက် ရေးဆွဲပြီး တိုင်းဒေသကြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံအဝန်းရှိ လယ်ယာများ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးနိုင်တဲ့ လယ်မြေဧက ၂၅ သိန်းကျော်ရှိနေပေမယ့် အဆိုပါဧရိယာရဲ့ ထက်ဝက်ခန့်မှာသာ စိုက်ပျိုးလုပ်ကိုင်နေတာ၊ ဒေသတွင်းရှိ ဆည်ကြီး ၉ ဆည်မှ ရေပေးဝေမှု အားနည်းနေတာကြောင့် မိုးရေကိုသာ အားထားနေရတယ်လို့ တိုင်းဒေသကြီးအစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းက ပြောပါတယ်။

တိုင်းဒေသကြီးအတွင်း အဓိက စိုက်ပျိုးနေတဲ့ ဆန်စပါးနှင့် ပဲလုပ်ငန်းစက်ဝန်း (Supply Chain) တစ်လျှောက်လုံး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အဓိကအားဖြင့် စိုက်ပျိုးခြင်းလုပ်ငန်းပိုင်း၊ ကြိတ်ခွဲထုတ်ပိုးမှုလုပ်ငန်းပိုင်းနှင့် သယ်ယူပို့ဆောင်မှုလုပ်ငန်းပိုင်းများမှာပါ ငွေကြေးထောက်ပံ့မှု၊ ဈေးကွက်ချိတ်ဆက်မှုအပြင် နည်းပညာနှင့် ခေတ်မီစက်ကိရိယာများ ရရှိနိုင်ရေး စိန်ခေါ်ချက်များကို ယခုဆွေးနွေးပွဲမှာ အလေးပေးဆွေးနွေးခဲ့ကြပါတယ်။

ယခုဆွေးနွေးပွဲမှာ စက်မှုလယ်ယာစနစ်၊ ကန်ထရိုက်လယ်ယာစနစ် စနစ်တကျဖြစ်ထွန်းလာစေရေးနှင့် မြေယာပြုပြင်ပြောင်းလဲရေး (Land reform) အတွက် ဦးစားပေး ဆွေးနွေးခဲ့ကြပြီး စားနပ်ရိက္ခာနှင့် အာဟာရ လုံခြုံရေး၊ Food Park များ၊ Agriculture service center များ၊ Wholesale center များ တည်ထောင်နိုင်ရေးနှင့် ပတ်သက်ပြီး အဓိကအားဖြင့် အကြံပြုခဲ့ကြကြောင်း သိရပါတယ်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ကုန်သည်စက်မှုအသင်းချုပ်မှာ ဇန်နဝါရီလ ၁၇ နှင့် ၁၈ နှစ်ရက်ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့  UMFCCI က သတင်းထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly