တိုင်းရင်းသားဒေသအားလုံးတွင် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်မှ အားလုံးပါ၀င်သည့် ဖက်ဒရယ်ဖြစ်မည်ဟု ဆို

တိုင်းရင်းသားဒေသအားလုံးတွင် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်မှ အားလုံးပါ၀င်သည့် ဖက်ဒရယ်ဖြစ်မည်ဟု ဆို

ဘားအံ၊ ဇန်နဝါရီ ၁၈ ။        ။ တိုင်းရင်းသားဒေသအားလုံးတွင် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်မှ အေးငြိမ်းသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မည်ဟု ကရင်အမျိုးသားအစည်းရုံး (KNU) ဥက္ကဌ ဖူးမူတူးစေးဖိုး ကပြောသည်။

ကရင်ပြည်နယ် ဘားအံမြို့တွင် ပထမဆုံး လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဘားအံမြို့ သိရီဘားအံ ဟိုတယ်တွင် ပြုလုပ်စဉ် အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီကနေ့ ပြည်နယ်မှာကျင်းပတဲ့ ကရင်အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲကဲ့သို့ အခြေခံသော အခြားသော တိုင်းရင်းသားဒေသများ၊ တိုင်းနဲ့ပြည်နယ်များအားလုံးမှာလည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ဖို့လိုအပ်ပါတယ် ။ ထိုကဲ့သို့ ကျင်းပနိုင်မှသာ အားလုံးသောအမြင်သဘောထားများကိုရရှိကြပြီး၊ အား လုံးပါဝင်ပြီး တည်ငြိမ်အေးချမ်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာဖြစ်တယ် ” ဟု ၎င်းက ပြောဆိုသည်။

NCA အပစ်ရပ်စာချုပ်အရ နိုင်ငံရေးဆွေးနွေးပွဲများကို အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ နယ်မြေတွင်သာ ကျင်းပခွင့်ပြုထားပြီး လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲကို ကရင်ပြည်နယ်တွင် ပထမဆုံးကျင်းပခွင့်ရခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ နည်းလမ်းရှာရန် ၎င်းက တိုက်တွန်းခဲ့သည်။

“ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပူးပေါင်းပါဝင်နိုင်ဖို့ လက်ရှိတိုင်းရင်းသားဒေသအချို့မှာ ဖြစ်ပွားနေသေးတဲ့ လက်နက်ကိုင်ပဋိပက္ခများကို ရပ်တန့်နိုင်ဖို့အတွက် နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့က နည်းလမ်းရှာသွားဖို့ တိုက်တွန်းလိုပါတယ် ” ဟု ကရင်အမျိုးသားအစည်းရုံး (KNU) ဥက္ကဋ္ဌ ဖူးမူတူးစေးဖိုးက ပြောသည်။

လူမျိုးအခြေခံသည့် နိုင်ငံရေးဆွေးနွေးပွဲကို ကရင်ပြည်နယ်တွင် ဇန်နဝါရီ ၁၈ မှ ၂၀ ထိ ၃ရက်တာပြုလုပ်မည်ဖြစ်ပြီး  အဆိုပါပွဲမှ ဆွေးနွေးပွဲရလဒ်များကို ပြည်ထောင်စုငြိမ်းချမ်းရေးပူးတွဲကော်မတီ (UPDJC) တွင် အတည်ပြုကာ ၆ လတစ်ကြိမ် ပင်လုံညီလာခံတွင် ဆွေးနွေးတင်ပြသွားမည် ဖြစ်သည်။ ယင်းနောက် ရက် ၉၀ အကြာတွင်  ပြည်ထောင်စုညီလာခံကို တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) စာချုပ်ပါအတိုင်း ကျင်းပရသည့် လုပ်ငန်းအဆင့်ဆင့် ဖြစ်သည်။

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းရုံး (KNU) ဥက္ကဋ္ဌ ဖူးမူတူးစေးဖိုး နှင့် တာဝန်ရရှိသူများ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဒုဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် ငြိမ်းချမ်းရေးကော်မရှင်မှ တာဝန်ရှိသူများ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် နိုင်ငံတကာသံအမတ်များ၊ ပါဝင်ဆွေးနွေးမည့် ကရင်အမျိုးသားများ တတ်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags