ဘောလုံးစကေးကောင်းသည့် ထူးချွန် မွန်လူမျိုးကလေးငယ်ကို လက်စတာစီးတီး ခေါ်ယူမြေတောင်မြှောက်ပေးမည်

ဘောလုံးစကေးကောင်းသည့် ထူးချွန် မွန်လူမျိုးကလေးငယ်ကို လက်စတာစီးတီး ခေါ်ယူမြေတောင်မြှောက်ပေးမည်

ဂိုးဘားတန်းကို သုံးကြိမ်ဆက်တိုက် ဘောလုံးဖြင့် ထိအောင် ကန်ပြနိုင်ခဲ့သည့် ၇ နှစ်အရွယ် ကောင်လေးတစ်ဦးကို ထိုင်းဘီလျံနာသူဌေး Vichai Srivaddhanaprabha ပိုင်ဆိုင်သည့် အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် လက်စတာ စီးတီးက ခေါ်ယူလေ့ကျင့်သင်ကြားပေးတော့မည် ဖြစ်သည်။

Suvin သို့မဟုတ် Nong Pee အမည်ရ ယင်းကလေးငယ်မှာ ဇန်နဝါရီ ၇ ရက်က ထုတ်လွှင့်ပြသခဲ့သည့် တီဗီရှိုးတစ်ခု၌ ၎င်း၏ ထူးခြားသော ဘောလုံးစကေးကို ပြသနိုင်ခဲ့ပြီးနောက် နာမည်ကျော်လာခဲ့သူဖြစ်ကာ ၎င်းကို မြေတောင်မြှောက်ပေးရန် စိတ်ဝင်စားကြောင်း ထုတ်ဖော်သည့် ဘောလုံးကလပ်အများအပြား ရှိခဲ့သည်။

၎င်းကလေးငယ် ဘောလုံးစကေး ပြသထားသော ဗီဒီယိုကို ဖေ့ဘွတ်ခ်စာမျက်နှာတစ်ခုတွင် တင်ထားခဲ့ပြီးနောက် ကြည့်ရှုသူပေါင်း ၉ ဒသမ ၁ သန်း ရှိခဲ့သည်။

ယခုအခါ အဆိုပါ ကလေးငယ်ကို ခေါ်ယူကာ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ပညာသင်ကြားမှုပိုင်းတွင်ပါ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း လက်စတာအသင်း၏ ဒုဥက္ကဋ္ဌ Aiyawatt Srivaddhanaprabha က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသွားသည်။

“ ကလေးငယ်၏ ပညာသင်ကြားမှုပိုင်းအတွက် ထိုင်းနိုင်ငံမှာပဲဖြစ်ဖြစ်၊  အခြား ပြည်ပနိုင်ငံမှာပဲဖြစ်ဖြစ် သင့်လျော်သည့် ကျောင်းတစ်ခုတွင် သင်ကြားနိုင်ရန် ထောက်ပံ့ပေးသွားမည်” ဟု ၎င်းက ပြောသည်။ အလားတူ ၎င်းကလေးငယ် ထိုင်းတွင် ရှိနေချိန် ၎င်းကို ကူညီလေ့ကျင့်ပေးနိုင်ရန် နည်းပြတစ်ဦး အသင်းဘက်က လွှတ်ပေးမည်ဖြစ်သည်။

ကလေးငယ်မှာ ထိုင်းတွင် နောက်ထပ်တစ်နှစ်၊ နှစ်နှစ် ဆက်နေမည်ဟု ယူဆရကြောင်းနှင့် ယင်းနောက်ပိုင်း အင်္ဂလန်သို့ လာရောက်မည်ဟု ထင်ကြောင်းလည်း ၎င်းက ဆိုသည်။ ကလေးငယ်ကို ပရိုဖက်ရှင်နယ် ဘောလုံးသမားတစ်ဦးဖြစ်လာအောင် မြေတောင်မြှောက်ပေးရာတွင် အနည်းဆုံး ထိုင်းဘတ် သန်း ၃၀ မှ ၄၀ အကြား ကုန်နိုင်ကြောင်း ၎င်း က ခန့်မှန်းတွက်ချက်သွားသည်။

အဆိုပါ ကလေးငယ်မှာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်နေသူ မွန်လူမျိုး တစ်ဦးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags