စီးပွားရေးနှင့်ပတ်သက်ပြီး ရခိုင်ဒေသခံတွေရဲ့အသံ အပြုသဘောဆောင်ဟု ကော်မရှင်အဖွဲ့ဝင်ပြော

စီးပွားရေးနှင့်ပတ်သက်ပြီး ရခိုင်ဒေသခံတွေရဲ့အသံ အပြုသဘောဆောင်ဟု ကော်မရှင်အဖွဲ့ဝင်ပြော

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ။           ။ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်၏ ကျောက်ဖြူ၊ ရမ်းဗြဲ ခရီးစဉ်အတွင်း စီးပွားရေးနှင့် ပတ်သက်ပြီး ဒေသခံများ၏ အပြုသဘောဆောင်သည့် အသံများကို ကြုံတွေ့ခဲ့ရသည်ဟု ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် ဟာဂျီဦးအေးလွင်က မဇ္ဈိမသို့ ပြောသည်။

"စီးပွားရေးဖွံ့ဖြိုးမှုတွေ လုပ်ချင်တဲ့ ဆန္ဒတွေလည်းရှိတယ်။ ကျွန်တော်သွားခဲ့သမျှ ဒေသထဲမှာ ဒီဘက်တွေက အတော်အားရတယ်" ဟု ရမ်းဗြဲမြို့သို့ရောက်ရှိနေသည့် ဦးအေးလွင်က ဆိုသည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ဝင်များအနေဖြင့် ကျောက်ဖြူမြို့သို့ ယမန့်နေ့က ရောက်ရှိခဲ့ပြီး ကျောက်ဖြူဒေသခံအဖွဲ့အစည်းများ ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့်အချက်များကို ဆွေးနွေးနေသည်ဟု ဦးအေးလွင်၏ ဖြေဆိုချက်အရ သိရသည်။

"ဒေသခံတွေအခြေအနေက အပြန်အလှန်ပြောကြတာပေါ့။ ရခိုင်အမျိုးသားတွေကလည်း သူတို့ တစ်ဖက် အဖွဲ့အစည်းနဲ့အဆင်ပြေတဲ့အကြောင်းတွေပြောပါတယ်။ အဲ့ဒေသမှာ ကမန်တွေလည်း ရှိတယ်၊ ကမန်မဟုတ်တဲ့ မွတ်စလင်တွေလည်းရှိတယ်။ အပြုသဘောဆောင်တယ်၊ တော်တော်လေးကို ကောင်းပါတယ်၊ ဝမ်းသာပါတယ် " ဟု ဦးအေးလွင်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေဆိုခဲ့သည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့၏ ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက်ခရီးစဉ်ကို ဥက္ကဋ္ဌဖြစ်သူ မစ္စတာ ကိုဖီအာနန် လိုက်ပါခြင်းမရှိပေမယ့် ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ဟောင်း မစ္စ လက်တီတီရာဗန်ဒန် အာဆမ် ဦးဆောင်ပြီး အဖွဲ့ဝင် ၇ ယောက်လိုက်ပါသွားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly