ဒီယေဂိုကော်စတာ ထွက်ခွာသွားပါက လူကာကူ ကို ချယ်လ်ဆီးကမ်းလှမ်းဖွယ်ရှိ

ဒီယေဂိုကော်စတာ ထွက်ခွာသွားပါက လူကာကူ ကို ချယ်လ်ဆီးကမ်းလှမ်းဖွယ်ရှိ

ဇန်နဝါရီ ၁၈၊ လန်ဒန်။           ။ ချယ်လ်ဆီးအသင်းသည် နွေရာသီအပြောင်းအရွှေ့တွင် တိုက်စစ်မှူးဒီယေဂိုကော်စတာထွက်ခွာသွားပါက လူကာကူကို ကမ်းလှမ်းဖွယ်ရှိနေသည်။

နည်းပြကွန်တီနှင့်ကတောက်ကတဆဖြစ်ခဲ့သည့် တိုက်စစ်မှူးကော်စတာသည် ရက်အတန်ကြာတစ်ဦးတည်းလေ့ကျင့်ခန်းဆင်း ပြီးနောက် အင်္ဂါနေ့တွင် အသင်းနှင့်အတူပြန်လည်ပူးပေါင်းခွင့်ရခဲ့သည်။

သို့သော်လည်း စပိန်တိုက်စစ်မှူးကိုခေါ်ယူနိုင်ရန်ကြိုးပမ်းနေသည့် တရုတ်စူပါလိဂ်ကလပ် တီယန်ကျင်းကွမ်းဂျီယန်အသင်းက ၎င်းတို့အနေဖြင့် လာမည့်နွေရာသီမှသာဆွေးနွေးလုပ်ဆောင်ခွင့်ရနိုင်မည်ဟု ချယ်လ်ဆီးအသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ်၏ ပြောဆိုခြင်းကိုခံထားရကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

တီယန်ကျင်းအသင်းပိုင်ရှင် ရှုယူဟောက ၎င်းသည် ကော်စတာ၏အေးဂျင့် ဂျော့ခ်မန်ဒက်စ်နှင့်တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း အတည်ပြုထားပြီး ပီအက်စ်ဂျီမှ ကာဗာနီ၊ ရီးယဲလ်မှ ဘင်ဇီမာ၊ မိုနာကိုမှ ဖယ်လ်ကာအိုတို့ကိုလည်း ပစ်မှတ်ထားနေသည်။

“မန်ဒက်စ်ကိုကျွန်တော်ချိန်းဆိုခဲ့ပြီး သူကလည်းကျွန်တော်နဲ့တွေ့ဖို့ ကျွန်တော်တို့မြို့ကိုရောက်လာခဲ့ပါတယ်။ အဲဒီတုန်းက ကော်စတာကို စာချုပ်နိုင်ဖို့ ကျွန်တော်တို့စိတ်ဝင်စားခဲ့ကြပါတယ်။

ပီအက်စ်ဂျီကတော့ ကာဗာနီကို ဇွန်လလောက်မှပဲ ထွက်ခွာခွင့်ပြုနိုင်မယ်လို့ပြောထားပါတယ်။ ကစားသမားက ကျွန်တော်တို့ဆီ လာချင်နေတာပါ။

ကော်စတာကိုခေါ်လို့ရမယ့်အချိန်ကလည်း အတူတူလောက်ပါပဲ။ ချယ်လ်ဆီးကသူ့ကို ဇွန်လလောက်မှ ထွက်ခွင့်ပြုနိုင်မှာဖြစ်လို့ပါ။ ဒါပေမဲ့ဇွန်လဆိုရင် ကျွန်တော်တို့ရာသီတစ်ဝက်ကျိုးပါပြီ။ အဲဒီလောက်အကြာကြီးမစောင့်နိုင်ပါဘူး”ဟု ရှုယူဟောက ပြောသည်။

ချယ်လ်ဆီးအသင်းသည် အာဆင်နယ်နှင့် စာချုပ်ကိစ္စကြန့်ကြာနေသည့် ဆန်းချက်ဇ်ကို စိတ်ဝင်စားနေသကဲ့သို့ လူကာကူကိုလည်း ခေါ်ယူချင်နေသည်။

ပြီးခဲ့သည့်နှစ်က လူကာကူကို စိတ်ဝင်စားခဲ့သော်လည်း အဲဗာတန်အသင်း၏ ပယ်ချခြင်းကိုခံခဲ့ရပြီး ဘယ်လ်ဂျီယံတိုက်စစ်မှူးသည် ၎င်း၏ ပထမဆုံး အင်္ဂလိပ်ကလပ်ချယ်လ်ဆီးထံပြန်လာချင်နေသည်။

အသက် ၂၃ နှစ်သာရှိသေးသည့် လူကာကူသည်ယခုနှစ်တွင် ကလပ်နှင့်နိုင်ငံအတွက် ၂၅ ပွဲကစား၊ ၁၈ ဂိုးသွင်းထားသည်။ အေးဂျင့်ဖြစ်သူရွိုင်အိုလာကလည်း စာချုပ်သစ်ချုပ်နိုင်ခဲ့ပါကလည်း   နွေရာသီတွင်အပြောင်းအရွှေ့ဖြစ်ပေါ်ဖွယ်ရှိနေခြင်းကို ငြင်းဆန်ခြင်းမပြုခဲ့ပေ။

ပြီးခဲ့သည့်အပြောင်းအရွှေ့ကာလက ခေါ်ယူရန်ကြိုးပမ်းမှုမအောင်မြင်ခဲ့သည့် ရီးယဲလ်မှမိုရာတာသည်လည်း ချယ်လ်ဆီးက လိုချင်သည့်စာရင်းထဲပါဝင်နေသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly