ရခိုင်ပြည်နယ်တွင် လုံခြံုရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှု ယန်ဟီလီ ပြင်းထန်စွာ ရှုတ်ချ

ရခိုင်ပြည်နယ်တွင် လုံခြံုရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှု ယန်ဟီလီ ပြင်းထန်စွာ ရှုတ်ချ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နျှင့် မစ္စယန်ဟီလီတို့ နေပြည်တော်တွင် ဇန်နဝါရီ ၁၈ရက်က တွေ့ဆုံစဉ်(ဓာတ်ပုံ- နိုင်ငံခြားရေးဝန်ကြီးဌာန)

နေပြည်တော်(ဇန်နဝါရီ ၁၈ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရခိုင်ပြည်နယ်တွင် ၂၀၁၆ခုနှစ်၊ အောက်တိုဘာလအတွင်းက ဖြစ်ပေါ်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခံရမှုများအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီက ပြောကြားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဇန်နဝါရီ ၁၈ရက်၊ နံနက်ပိုင်းက တေ့ွဆုံစဉ် မစ္စယန်ဟီလီက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

တွေ့ဆုံရာတွင် မစ္စယန်ဟီလီက လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခံရမှုအပေါ် အထူးအစီရင်ခံစာတင်သွင်းသူအနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း ပြောကြားခဲ့ပြီး နယ်မြေရှင်းလင်းရေး၊ လုံခြုံရေးဆောင်ရွက်မှုများနှင့်ပတ်သက်၍ ထွက်ပေါ်နေသည့် စွပ်စွဲပြောဆိုချက်များနှင့်ပတ်သက်၍ လည်းကောင်း၊ လိုအပ်သည့် လူသားချင်းစာနာမှု အကူအညီများတိုးမြှင့်ပေးနိုင်ရေးနှင့်ပတ်သက်၍ လည်းကောင်း ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

ထို့ပြင် ၂၁-ရာစုပင်လုံညီလာခံအောင်မြင်စွာကျင်းပနိုင်မှုအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ အခန်းကဏ္ဍ မြှင့်တင်ရေးကိစ္စများ၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးကိစ္စရပ်များတွင် မြန်မာနိုင်ငံအနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေသည့်ကိစ္စများ၊ တည်ဆဲဥပဒေများကို နိုင်ငံတကာစံနှုန်းနှင့်အညီ ပြန်လည်သုံးသပ်မှုများပြုလုပ်သည့်ကိစ္စနှင့် ဥပဒေကြမ်းရေးဆွဲမှုလုပ်ငန်းစဉ်များအားလည်းကောင်း ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ အခြေအနေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများတိုးမြှင့်ဆောင်ရွက်သွားရေးကိစ္စများကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်ဟုလည်း ပါရှိသည်။

မစ္စယန်ဟီလီသည် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေနှင့်လည်း ယနေ့မွန်းလွဲ(၂)နာရီအချိန်တွင် တွေ့ဆုံရန် ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly