WikiLeaks သို့ စစ်ဘက် မှတ်တမ်းအချက်အလက်များ ပေါက်ကြားစေမှုဖြင့် ထောင်ဒဏ်နှစ်ရှည် ကျခံနေရသော Chelsea Manning ၏ ပြစ်ဒဏ်ကို အိုဘားမား လျှော့ပေါ့ပေး

WikiLeaks သို့ စစ်ဘက် မှတ်တမ်းအချက်အလက်များ ပေါက်ကြားစေမှုဖြင့် ထောင်ဒဏ်နှစ်ရှည် ကျခံနေရသော Chelsea Manning ၏ ပြစ်ဒဏ်ကို အိုဘားမား လျှော့ပေါ့ပေး

ဇန်နဝါရီ ၁၈ ။             ။ အရေးကြီးသည့် စစ်ဘက်ဆိုင်ရာနှင့် သံတမန်ရေးရာ အချက်အလက်မှတ်တမ်းများ WikiLeaks  သို့ ဖွင့်ထုတ်ခဲ့မှုဖြင့် နှစ်ရှည် ထောင်ဒဏ် ကျခံနေရသော အမေရိကန်တပ်သား Chelsea Manning ၏ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးလိုက်ပြီဖြစ်ကြောင်း သမ္မတ အိုဘားမားက ကြေညာလိုက်သည်။

တပ်သား Chelsea Manning မှာ အရေးကြီးမှတ်တမ်းများ ပေါက်ကြားစေခဲ့ပြီးနောက် နိုင်ငံ၏ သူလျှိုအက်ဥပဒေကို ချိုးဖောက်မှုဖြင့် ၂၀၁၃ ခုနှစ်က စွဲဆိုခံခဲ့ရပြီး ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံထားရသူဖြစ်သည်။

ရာထူးသက်တမ်းမကုန်ဆုံးမီ သမ္မတ အိုဘားမားအနေဖြင့် နိုင်ငံတွင် အကျဉ်းကျခံနေရသူ ၆၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သကဲ့သို့ အခြား ၂၀၉ ဦးကိုလည်း ၎င်းတို့၏  ပြစ်ဒဏ်များကို   လျှော့ပေါ့သတ်မှတ်ပေးလိုက်ရာ ယင်းတို့ထဲတွင် အသက် ၂၉ နှစ်အရွယ် Manning လည်း ပါဝင်လာခဲ့ခြင်းဖြစ်သည်။ ယခုအခါ ၎င်းမှာ လာမည့် မေလတွင် လွတ်မြောက်လာတော့မည်ဟုလည်း သိရသည်။

တပ်သား Manning မှာ အရေးကြီးသည့် စစ်ဘက်နှင့်သံတမန် ဆိုင်ရာ အချက်အလက်ပေါင်း ၇၀၀,၀၀၀ ကျော်ကို ဖွင့်ထုတ်ခဲ့သည်ဟု ဝန်ခံခဲ့ပြီး ၂၀၁၃ ခုနှစ်က သူလျိုအက်ဥပဒေနှင့်အခြား ချိုးဖောက်မှုများဖြင့် စွဲချက်တင်ခံခဲ့ရကာ ပြစ်ဒဏ်ချမှတ်ခံထားရသူဖြစ်သည်။

တစ်ချိန်တည်းမှာပင် ယခုကဲ့သို့ Manning အပေါ် ပြစ်ဒဏ်လျှော့ပေါ့ပေးလိုက်သည့် အိုဘားမား၏ ဆုံးဖြတ်ချက်အပေါ်လည်း ကြိုဆိုကြောင်း WikiLeaks တည်ထောင်သူ Julian Assange က ထုတ်ဖော်ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags