နိုင်ဂျီးရီးယား တိုက်လေယာဉ်က ဒုက္ခသည်စခန်းကို မှားယွင်းဗုံးကြဲ၍ ၅၂ ဦးသေဆုံး

နိုင်ဂျီးရီးယား တိုက်လေယာဉ်က ဒုက္ခသည်စခန်းကို မှားယွင်းဗုံးကြဲ၍ ၅၂ ဦးသေဆုံး

အဘူဂျာ၊ ဇန်နဝါရီ ၁၈ ။                ။ နိုင်ဂျီးရီးယားနိုင်ငံတွင် စစ်တပ်တိုက်လေယာဉ်တစ်စီးက ဒုက္ခသည်စခန်းအား မှားယွင်းဗုံးကြဲ၍ လူပေါင်း ၅၂ ဦးသေဆုံးကာ ဒဏ်ရာရသူများစွာ ရှိသည်။

နိုင်ငံ အရှေ့မြောက်ပိုင်း ရန်းမြို့ရှိ ဒုက္ခသည်စခန်းအား မှားယွင်းဗုံးကြဲခြင်းဖြစ်ကာ သေဆုံးသူများတွင် အကူအညီပေးရေးဝန်ထမ်းများလည်း ပါခဲ့သည်။ ကြက်ခြေနီအဖွဲ့က ၎င်း၏ ဝန်ထမ်းခြောက်ဦး   သေဆုံးကြောင်း ဆိုသည်။

ဒဏ်ရာရသူမှာ ၂၀၀ ကျော်ထက်မနည်းရှိသည်ဟု MSF အကူအညီပေးရေးအေဂျင်စီကပြောသည်။

ဘိုကိုဟာရမ်စစ်သွေးကြွများနှင့် တိုက်ပွဲဆင်နေရသည့် သမ္မတ မိုဟမ်မာဒူဘူဟာရီက ဝမ်းနည်းတုန်လှုပ်မှုကို ဖော်ပြခဲ့ပြီး နှစ်သိမ့်စကားပြောကြားသည်။

အဆိုပါ ဗုံးကြဲမှုမှာ စစ်တပ်က ဘိုကိုဟာရမ်များကို  တိုက်ထုတ်နေသည့် ကမ်မရွန်းနယ်စပ်အနီးတွင် ဖြစ်ပွားခြင်းဖြစ်သည်။

ယခုဗုံးမှားယွင်းကြဲချမှုသည် နိုင်ဂျီးရီးယားစစ်တပ်အနေဖြင့် ပထမဆုံးမှားယွင်းမှု ဖြစ်ဖွယ်ရှိသည်။

ကြက်ခြေနီအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အလိဆန်ဒရာက ၎င်းတို့၏ ဝန်ထမ်းများသေဆုံးပြီး ဒုက္ခသည်ထောင်ပေါင်းများစွာအတွက် အစားအစာများ လာရောက်ပို့ဆောင်သည့် စေတနာ့ဝန်ထမ်း ဒါဇင်ကျော် ဒဏ်ရာရကြောင်း ပြောသည်။

“ဗုံးက နှစ်ကြိမ်တောင် အကြဲခံရတာပါ။ ကျွန်တော်တို့အဖွဲ့အနေနဲ့ သေဆုံးရုပ်အလောင်းတွေကို ခွဲထုတ်နေပါတယ်။ ဒဏ်ရာရသူက ၂၀၀ ကျော်ထက်မနည်းရှိပါတယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly