ခရီးသည်ကို ကိုယ်ထိလက်ရောက် ကျူးလွန်သည့် ယာဉ်နောက်လိုက်နှစ်ဦးကို ဖမ်းဆီးအရေးယူ

ခရီးသည်ကို ကိုယ်ထိလက်ရောက် ကျူးလွန်သည့် ယာဉ်နောက်လိုက်နှစ်ဦးကို ဖမ်းဆီးအရေးယူ
ဓါတ်ပုံ- Wai Phyo Han FB

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ။             ။ ရန်ကုန်မြို့ စော်ဘွားကြီးကုန်း မှတ်တိုင်တွင် ခရီးသည် အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းကြောင့် YBS နံပါတ်(၆) ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်နှစ်ဦးကို ဖမ်းဆီးပြီး အင်းစိန်မြို့နယ် ရဲစခန်းကို အပ်နှံလိုက်သည်ဟု အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က မဇ္ဈိမသို့ပြောသည်။

စော်ဘွားကြီး ကုန်းမှတ်တိုင်တွင် ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက ပေါ်ပေါက်ခဲ့သည့် ဖြစ်ရပ်ဖြစ်ကာ “ခေတ်ပြောင်း စနစ်ပြောင်းနောက်ကို မလိုက်ပါနိုင်တဲ့ စပယ်ယာတွေကိုတော့ ကိုယ်တို့   ပြင်းပြင်းထန်ထန် အရေးယူခိုင်းထားတယ်၊ စပယ်ယာနှစ်ယောက်ထဲက တစ်ယောက်က ကိုယ်ထိ လက်ရောက်ထိုးတယ်၊ တစ်ယောက်က ဂျမ်းတုံးကို ကိုင်ပြီး ကိုယ်တို့ကို ရန်မူဖို့ ကြိုးစားတယ်” ဟု ထိုနေရာသို့ ရောက်ရှိနေပြီး ဖြစ်စဉ်ကို ကိုယ်တွေ့ ကြုံခဲ့သူ ဦးဝေဖြိုးဟန်က ဆိုသည်။

အဆိုပါ ယာဉ်နောက်လိုက်နှစ်ဦးကို ရဲ၊ ယာဉ်ထိန်းရဲများ၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး အင်းစိန်မြို့နယ် ရဲစခန်းကို ပို့ဆောင်လိုက်ခြင်းဖြစ်သည်။ စံပြအနေဖြင့် ထိထိရောက်ရောက် အရေးယူစေလိုသည်ဟုလည်း ဦးဝေဖြိုးဟန်က ဆိုသည်။

ယင်းကဲ့သို့ ဖြစ်စဉ်များအတွက် မှတ်တမ်းဓာတ်ပုံနှင့်တကွ တိုင်တန်းကြရန် သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်ကလည်း တိုက်တွန်းထားသည်။

“စည်းကမ်းဖောက် ကားလိုင်းတွေ၊ ရိုင်းစိုင်းတဲ့ ယာဉ်နောက်လိုက်တွေ တွေ့ရင် ဓာတ်ပုံမှတ်တမ်းနဲ့တကွ တိုင်ကြားစေချင်ပါတယ်။” သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
စည်းကမ်းပျက်၊ ရိုင်းစိုင်းမှုများအတွက် ဖုန်းနံပတ် 09967016138 - 09773523166 - 09428179545 - 09791770280 - 09421070272 - 09401533453 - 09796841422 - 09782862641 - 09263332561 - 09452270190 - 09773006757 – 0973006757 များသို့ ဆက်သွယ် တိုင်ကြားနိုင်သည်။

ဇန်နဝါရီ လ ၁၆ ရက်နေ့မှ စတင်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခင် မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ(မထသ)ကို ဖျတ်သိမ်းပြီး ယာဉ်လိုင်းပေါင်း ၇၀နှင့် အများပိုင် ယာဉ်လိုင်း စနစ်သစ်ဖြင့် စတင်ပြေးဆွဲနေခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly