စပါးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်သည်ဟု ဟယ်ရီကိန်း ပြောကြား

စပါးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်သည်ဟု ဟယ်ရီကိန်း ပြောကြား
 

ဇန်နဝါရီ ၁၈၊ အင်္ဂလန် ။               ။ စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းက ယခုနှစ်ရာသီတွင် ၎င်းတို့အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်သည်ဟု ထုတ်ဖော် ပြောဆိုလိုက်သည်။

ပြီးခဲ့သည့်ရာသီက လက်စတာအသင်းအား ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်အဓိက ယှဉ်ပြိုင်ခဲ့သည့်စပါးအသင်းသည် ပြိုင်ပွဲပြီးဆုံးခါနီးမှ ခြေချော်ပြီး အာဆင်နယ်၏နောက် အဆင့်သုံးနေရာတွင် ရာသီအဆုံးသတ်ခဲ့ရသည်။

ယမန်နှစ်က အတွေ့အကြုံကြောင့် ယခုနှစ်ရာသီတွင် စပါးအသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိရန် ပိုမိုဖြစ်နိုင်ဖွယ်ရှိကြောင်း ကိန်းက ပြောသည်။ လက်ရှိတွင် စပါးအသင်းမှာ ချယ်လ်ဆီးအသင်း၏နောက် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။

ဟယ်ရီကိန်းက ‘ကျွန်တော်တို့အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း အလွန်နီးစပ်ခဲ့ပါသေးတယ်။ အဲ့ဒီအတွေ့အကြုံက ဒီနှစ်မှာ ကျွန်တော်တို့ကို ကူညီပေးပါလိမ့်မယ်။

ကျွန်တော်တို့ဟာ လက်ရှိမှာ အကောင်းဆုံးပုံစံကို ရရှိနေသလို အမြင့်ဆုံးစိတ်ဓာတ်ကိုလည်း ရရှိနေပါတယ်။ ဒီပုံစံအတိုင်းသာ ကျွန်တော်တို့ ရှေ့ဆက်နိုင်မယ်ဆိုရင် ဘာကြောင့် ကျွန်တော်တို့ ချန်ပီယံမဖြစ်နိုင်ရမှာလဲ’ ဟု ပြောဆိုခဲ့သည်။

စပါးအသင်းက ဝက်စ်ဘရွန်းအသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပြီးခဲ့သည့်အပတ်က ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဟယ်ရီကိန်းက ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly