လုံလောက်သည့် သက်သေများ ရပါက MH370 လေယာဉ်အား ပြန်လည်ရှာဖွေမည်

လုံလောက်သည့် သက်သေများ ရပါက MH370 လေယာဉ်အား ပြန်လည်ရှာဖွေမည်

ကန်ဘာရာ၊ ဇန်နဝါရီ ၁၈ ။                    ။ ပျောက်ဆုံးလေယာဉ် MH370  ရှာဖွေရေး ရပ်ဆိုင်းသည်နှင့် ပတ်သက်ကာ ခရီးသည်များ၏ ကျန်ရစ်သူမိသားစုဆွေမျိုးများက အပြစ်ဆိုကြခြင်းကို သြစတြေးလျ သယ်ယူပို့ဆောင်ရေးဝန်ကြီးက ဇန်နဝါရီ ၁၈ ရက်တွင် ကာကွယ်ပြောဆိုပြီး ယုံလောက်သည့် သက်သေများ ရလာပါက ရှာဖွေရေး ပြန်စဖြစ်နိုင်ကြောင်း ပြောသည်။

မလေးရှားလေကြောင်းလိုင်းမှ ယင်းလေယာဉ်တွင် စီးနင်းလိုက်ပါသူ ၂၃၉ ဦးရှိရာ အများစုမှာ သြစတြေးလျ၊ မလေးရှားနှင့် တရုတ်နိုင်ငံတို့မှဖြစ်ပြီး ယင်းသုံးနိုင်ငံက အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းတွင်   ရေအောက်ရှာဖွေရေးများ လုပ်ဆောင်နေခဲ့ခြင်းဖြစ်ကာ ဇန်နဝါရီ ၁၇ ရက်၌ ရှာဖွေရေးလုပ်ငန်းများအား ရပ်ဆိုင်းကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

၂၀၁၄ မတ် ၈ ရက်က MH370 လေယာဉ်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ပေကျင်းသို့ ဦးတည်ပျံသန်းသည့်ခရီးစဉ်အတွင်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကာ လေယာဉ်ပျောက်အား သုံးနှစ်ကြာ ရှာဖွေမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ရှာဖွေရေးလုပ်ငန်းစဉ်က အလွန်အကုန်အကျများကြောင်း၊ သြစတြေးလျဒေါ်လာ သန်း ၂၀၀ (အမေရိကန်ဒေါ်လာ သန်း ၁၅၀) နီးပါး ကုန်ကျခဲ့ကြောင်း၊ သို့သော် ရှာဖွေရေးရပ်ဆိုင်းရသည်မှာ ကုန်ကျစရိတ်ကြောင့် မဟုတ်ကြောင်း သြစတြေးလျသယ်ယူပို့ဆောင်ရေးဝန်ကြီး ဒါရန်ချာစတာက ပြောသည်။ ရေပြင်စတုရန်းကီလိုမီတာ ၁၂၀၀၀၀ အနှံ့ ပိုက်စိပ်တိုက် ရှာဖွေခဲ့ပြီး   ဖြစ်သော်လည်း လေယာဉ်နှင့် ပတ်သက်ကာ တွေ့ရှိခဲ့ခြင်း မရှိပေ။

“ကျွန်တော်အနေနဲ့ မည်မည်ရရမရှိတဲ့ မျှော်လင့်ချက်တွေကို ကျန်ရစ်သူ ဆွေမျိုးတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ မျှော်လင့်နေအောင်လို့ ရှာဖွေရေးဆက်လုပ်နေတာမျိုး မဖြစ်ချင်တော့ဘူး။

ကျွန်တော်တို့အနေနဲ့ ယုံလောက်တဲ့ သက်သေလိုတယ်။ လေယာဉ်ရှိနေနိုင်မယ့် နေရာကို သိရရင်တော့ နောက်ထပ်ရှာဖွေရေး လုပ်သွားဖို့ စဉ်းစားထားပါတယ်။”ဟု ဝန်ကြီး ဒါရန်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags