တောင်တရုတ်ပင်လယ်၌ တရုတ်၏ စစ်ရေးချဲ့ထွင်မှုက တကယ့်ပြဿနာဟု ဖိလစ်ပိုင်စစ်ဦးစီးချုပ် ပြော

တောင်တရုတ်ပင်လယ်၌ တရုတ်၏ စစ်ရေးချဲ့ထွင်မှုက တကယ့်ပြဿနာဟု ဖိလစ်ပိုင်စစ်ဦးစီးချုပ် ပြော

မနီလာ၊ ဇန်နဝါရီ ၁၈ ။                  ။ တရုတ်နိုင်ငံ၏ တောင်တရုတ်ပင်လယ်၌ စစ်ရေးချဲ့ထွင်မှုက တကယ့် ပြဿနာကြီးဖြစ်ပြီး ငြိမ်းချမ်းရေး သို့မဟုတ် မိတ်ဖက်ပြုရေးကို ဖြစ်ပေါ်စေမည် မဟုတ်ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဦးစီးချုပ်က ဇန်နဝါရီ ၁၇ ရက်တွင် ပြောလိုက်သည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးအနေဖြင့် မဟာဗျူဟာအရ အလွန်အရေးပါသည့် ရေပြင်ပိုင်နက် ယှဉ်ပြိုင်အငြင်းပွားနေသည့် တရုတ်နိုင်ငံ၏ ဆက်ဆံရေးတွင် ထိပ်တိုက်မတွေ့ရေးဖြင့် ချဉ်းကပ်ကာ တိုးတက်ကောင်းမွန်အောင် ဖော်ဆောင်လျက်ရှိနေချိန်ဖြစ်သည်။

သို့သော် တရုတ်က ပင်လယ်ပြင်အတွင်း တည်ဆောက်ထားသည့် လူလုပ်ကျွန်းများတွင် စစ်ရေးအသုံးပြုများ လုပ်ဆောင်နေခြင်းအား အခြားသော ဖိလစ်ပိုင်အစိုးရအရာရှိကြီးများက မှေးမှိန်အောင် လုပ်ဆောင်နေသော်လည်း ကာကွယ်ရေးဦးစီးချုပ် ဒယ်ဖင်လော်ရန်ဇာနာက ပြင်းထန်သည့် စကားလုံးများဖြင့် ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းလည်းဖြစ်သည်။

“နှစ်နိုင်ငံကြားက ဆက်ဆံရေးနွေးထွေးပေမယ့် ဖိလစ်ပိုင်အစိုးရအနေနဲ့ တာဝန်ပျက်ကွက်မှု ဖြစ်လာနိုင်တယ်။ စပရတ်တလေးကျွန်းတွေမှာ စစ်လက်နက်တွေ ထားရှိတာနဲ့ ပတ်သက်ပြီး တရုတ်ကို   မေးခွန်းထုတ်ရမယ်။ ရှင်းလင်းချက်တောင်းရမယ်။ ဒါကို အကာအကွယ်ပြုဖို့ မလုပ်ဆောင်ခဲ့ရင် အမျိုးသားအကျိုးစီးပွားကို ထမ်းဆောင်ရတဲ့ တာဝန်အပေါ် ပျက်ကွက်တာပဲ။”ဟု လော်ရန်ဇာနာက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

“အငြင်းပွားကျွန်းတွေမှာ တရုတ်ရဲ့ စစ်ရေးလုပ်ဆောင်မှုတွေက တကယ့်ကို ပြဿနာပါ။ တည်ငြိမ်အေးချမ်းစွာ ရင်းနှီးမိတ်ဖက်ပြုမယ်ဆိုတဲ့ တရုတ်အစိုးရရဲ့ အပြောတွေနဲ့လည်း ကိုက်ညီမှု မရှိတဲ့ လုပ်ရပ်ပါ။”ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လော်ရန်ဇာနာ၏ ထုတ်ပြန်ချက်သည် သမ္မတ ဒူတာတေးက တရုတ်နိုင်ငံ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရန် ရှိနေချိန် နာရီပိုင်းအလိုတွင် ထုတ်ပြန်လိုက်ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly