စီးပွားရေးဇုန်သစ်များနှင့် ဗဟိုလုပ်ငန်းအဖွဲ့တို့ကို တိုးချဲ့ ဆောင်ရွက်သွားမည်

စီးပွားရေးဇုန်သစ်များနှင့် ဗဟိုလုပ်ငန်းအဖွဲ့တို့ကို တိုးချဲ့ ဆောင်ရွက်သွားမည်
မြန်မာ့ အထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ရဲ့ ၁/၂၀၁၇ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပစဉ်။ (ဓာတ်ပုံ-MOI)

မြန်မာနိုင်ငံအနေနဲ့ အထူးစီးပွားရေးဇုန်ကြီး (၃) ခုကို ဆောင်ရွက်လျက်ရှိပြီး ရှေ့ဆက် စီးပွားရေးဇုန်သစ်များနှင့် ဗဟိုလုပ်ငန်းအဖွဲ့တို့ကို ထပ်မံ တိုးချဲ့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာ့အထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတွင် အထူးစီးပွားရေး ဇုန်များရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါတဲ့အတွက် လက်ရှိ ဆောင်ရွက်ဆဲ အထူး စီးပွားရေးဇုန်များကို ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က ဇန်နဝါရီ ၁၆ ရက်မှာ ပြုလုပ်တဲ့ မြန်မာ့ အထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ရဲ့ ၁/၂၀၁၇ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

၎င်းလုပ်ငန်းများဆောင်ရွက်ရာမှာ ပြဋ္ဌာန်းထားပြီးဖြစ်တဲ့ အထူးစီးပွားရေးဇုန်များ ဥပဒေနှင့်အညီ လိုက်နာ သွားရမှာဖြစ်သလို ဒေသခံပြည်သူလူထုရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုတို့ အပေါ်မှာလည်း ထည့်သွင်းစဉ်းစားပေးကြရန် လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်။

အထူးစီးပွားရေးဇုန်များရဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မယ့် အစီအမံနှင့် အလားအလာများကို အများပြည်သူ ထင်သာမြင်သာရှိအောင် ဆောင်ရွက်လာခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံလိုသူများကို ဆွဲဆောင်နိုင်မှာဖြစ်တယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

Ref; MOI

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly