လကမ္ဘာမှာ နောက်ဆုံးခြေချခဲ့သူ အမေရိကန်အာကာသယာဉ်မှူး ယူဂျင်းဆာနန် ကွယ်လွန်

လကမ္ဘာမှာ နောက်ဆုံးခြေချခဲ့သူ အမေရိကန်အာကာသယာဉ်မှူး ယူဂျင်းဆာနန် ကွယ်လွန်
(ဓာတ်ပုံ - အီးပီအေ)

လမျက်နှာပြင်ပေါ်မှာ နောက်ဆုံး လမ်းလျှောက်ခဲ့သူ အမေရိကန် အာကာသယာဉ်မှူးဟောင်း ယူဂျင်းဆာနန်ဟာ ဇန်နဝါရီလ ၁၆ ရက်၊ တနင်္လာနေ့က အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ နာဆာနဲ့ သူ့ရဲ့မိသားစုဝင်တွေက ကြေညာခဲ့ပါတယ်။

"နာဆာ အာကာသယာဉ်မှူးဟောင်း ယူဂျင်းဆာနန်ကို ဆုံးရှုံးသွားရလို့ ကျနော်တို့ ဝမ်းနည်းပူဆွေးမိပါတယ်"လို့ အမေရိကန် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီက တွစ်တာမှာ ရေးသားခဲ့ပါတယ်။

နာဆာက ထုတ်ပြန်တဲ့ မိသားစုဝင်တွေရဲ့ ကြေညာချက်အရ အငြိမ်းစား ရေတပ်ဗိုလ်ကြီး ဆာနန်ဟာ ကျန်းမားရေးပြဿနာများကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

"ကျနော်တို့ရဲ့ ချစ်လှစွာသော ဖခင်နဲ့ ယောင်္ကျားကို ဆုံးရှုံးသွားရလို့ အလွန် ဝမ်းနည်းမှုဖြစ်မိပါတယ်"လို့ ၎င်းရဲ့ မိသားစုက ပြောပါတယ်။

ယူဂျင်းဆာနန်ဟာ ချီကာဂိုမြို့မှာ ၁၉၃၄ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၅၆ ခုနှစ်မှာ အင်ဒီယားနားရှိ Purdue တက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပါတယ်။

နာဆာရဲ့ ၁၉၆၃ ခုနှစ်က လကမ္ဘာကိုသွားမယ့် Apollo အစီအစဉ်အတွက် ရွေးချယ်ခံရတဲ့ အာကာသယာဉ်မှူး ၁၄ ယောက်ထဲမှာ ဆာနန်ဟာ တစ်ဦးအပါအဝင်ဖြစ်သလို Gemini နဲ့ Apollo မစ်ရှင်နှစ်ခုလုံးမှာလဲ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ယူဂျင်းဆာနန်ဟာ ၁၉၇၂ ခုနှစ်မှာ ဒီဇင်ဘာလမှာ လူလိုက်ပါပြီး လကိုသွားတဲ့ နောက်ဆုံးခရီးစဉ် Apollo 17 အာကာသယာဉ်ကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

ဆာနန်ဟာ ရေတပ်တာဝန်ကနေရော နာဆာအလုပ်ကနေပါ ၁၉၇၆ ခုနှစ်မှာ အငြိမ်းစားယူခဲ့ပြီး နောက်ပိုင်းမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းသို့ ဝင်ရောက်ခဲ့ပြီး အစောပိုင်း သုံးခဲ့တဲ့ အာကာသယာဉ်တွေနဲ့ ပတ်သက်ပြီး သုံးသပ်ဆွေးနွေးတဲ့ ရုပ်သံအစီအစဉ်တခုမှာ အလုပ်လုပ်ခဲ့ပါတယ်။

"လမျက်နှာပြင်ပေါ်မှာ နောက်ဆုံး လမ်းလျှောက်ခဲ့သူ"လို့ အမည်ရတဲ့ သူ့ရဲ့ဘဝအကြောင်း မှတ်တမ်းရုပ်ရှင်ဟာ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။

ကမ္ဘာဂြိုလ်ကို အာကာသပတ်လမ်းအတိုင်း ပတ်နိုင်ခဲ့တဲ့ ပထမဦးဆုံး အမေရိကန် အာကာသယာဉ်မှူး ဂျွန်ဂလင်း သေဆုံးပြီးနောက် တစ်လအကြာမှာ လမျက်နှာပြင်ပေါ် လက်လျှောက်ခဲ့သူတစ်ယောက်ကို ဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly