နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်တွင် လူသတ်မှု ဖြစ်

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်တွင် လူသတ်မှု ဖြစ်
နေပြည်တော်ရှိ မြို့အဝင် ဆိုင်းဘုတ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၁၇ရက်၊ ၂၀၁၇ခုနှစ်)။ ။ စကားများရန်ဖြစ်ရာမှ သစ်သားတုတ်ဖြင့် ရိုက်သတ်သည့်ဖြစ်စဉ်တစ်ခု နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်အတွင်း ဇန်နဝါရီ ၁၆ရက်၊ ညနေ ၅နာရီအချိန်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇဗ္ဗူသီရိမြို့နယ်၊ အောင်ဇဗ္ဗူနယ်မြေ(၅)နေ၊ အသက်(၂၀)အရွယ် အမျိုးသမီး မ_သည် ၎င်း၏ ခင်ပွန်းဖြစ်သူနှင့် အသက်(၁၉)နှစ်အရွယ် ကိုနိုင်လင်းမောင်တို့ စကားများရန်ဖြစ်သံကြားသဖြင့် လှမ်းကြည့်ရာ နိုင်လင်းမောင်မှ လက်ထဲတွင် တုတ်ကိုင်လျက် “နင့်ယောကျ်ားကို တုတ်နဲ့ ထုသတ်ပြီးပြီ၊ တိုင်ချင်ရာတိုင်” ဟု လှမ်းပြောသဖြင့် သွားရောက်ကြည့်ရှုရာ ခင်ပွန်းဖြစ်သူမှာ နိုင်လင်းမောင်တို့ အိမ်ဝိုင်းထဲတွင် ဦးခေါင်းဝဲဘက်ဂျိုစောင်း ပေါက်ပြဲဒဏ်ရာဖြင့် သတိမေ့နေသည်ကို မြင်တွေ့ရသည်ဟု နေပြည်တော်၊ အမှတ်(၁)ရဲစခန်း၏ ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ထိုသို့ မြင်တွေ့ရပြီးနောက် မ_မှ အော်ဟစ်အကူအညီတောင်းသဖြင့် ယောက္ခမဖြစ်သူနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ လာရောက်ကြည့်ရှုရာ ခင်ပွန်းဖြစ်သူ သေဆုံးကြောင်း တွေ့ရှိရသည်ဟု ရဲမှတ်တမ်းတွင် ပါရှိသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ခင်ပွန်းဖြစ်သူအား သစ်သားတုတ်ဖြင့် ရိုက်သတ်သူ နိုင်လင်းမောင်အား ဥပဒေအရ အရေးယူပေးရန် မ_မှ တရားလိုပြုလျက် ဇန်နဝါရီ ၁၆ရက်၊ ည ၇နာရီခွဲတွင် တိုင်တန်းခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဆိုထားသည်။

အခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ ညနေ ၅နာရီ ၁၀မိနစ်ခန့်တွင် သတင်းရရချင်း စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူနှင့် ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပြီး ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်သွားသူ နိုင်လင်းမောင်အား လိုက်လံဖမ်းဆီးရာ ရွာအနီးရှိ ငလိုက်ချောင်းဘေး တံတားအနီးတွင် ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

အဆိုပါ အမှုနှင့်ပတ်သက်ပြီး မမစ(၁)(ပ)၃၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ-၃၀၂ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly