ပျောက်ဆုံးနေသော မောင်တောမြို့နယ်မှ ရာအိမ်မှူးဟောင်းအား ပြန်လည်တွေ့ရှိ

ပျောက်ဆုံးနေသော မောင်တောမြို့နယ်မှ ရာအိမ်မှူးဟောင်းအား ပြန်လည်တွေ့ရှိ
ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ။             ။ မောင်တောမြို့နယ်၊ ရဲအောင်ချောင်းကျေးရွာနေ ပုဇွန်ကန်လုပ်ငန်းလုပ်သူ ရာအိမ်မှူးဟောင်း ဖွေယာ(ခ) ဖွေယာဇူဟောက်အား  ၁ရက်ကြာ ပျောက်ဆုံးရာမှ   ပြန်လည်တွေ့ရှိသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ယနေ့ ထုတ်ပြန်သည်။  

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၄ ရက် ည ၁၁ နာရီခန့်တွင် ဘောင်းဘီအနက်ရောင်များဝတ်ဆင်ထားသည့် မူဆလင် ၄ ဦးက ပုဇွန်ကန်အား လာရောက်ဝယ်ယူခြင်းဖြစ်ပြီး ပုဇွန်ကန်လုပ်ငန်းလုပ်သူ ရာအိမ်မှူးဟောင်း ဖွေယာ(ခ) ဖွေယာဇူဟောက်အား လိုက်ခဲ့ရန် ခေါ်ဆောင်သွားခဲ့၍ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၅ ရက် ည၁၂ နာရီခန့်တွင် ပျောက်ဆုံးနေသော ဖွေယာ ( ခ) ဖွေယာဇူဟောက်သည် ဖာရီကျေးရွာရှိ ဆွေယော့တူဆင်း၏ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး ၎င်း၏ ပြောကြားချက်အရ ရဲအောင်ချောင်းရွာ၏ အရှေ့တောင်ဘက် မဲဒီကျေးရွာအနီးရှိ တောလမ်းအတိုင်း ခေါ်ဆောင်သွားခဲ့ပြီး ကျွန်းပေါက်ပြုစုမြောက်ရွာအဝင်လမ်းတွင် မျက်နှာအား ပုဝါစည်း၍ နေအိမ်တစ်လုံးသို့ ခေါ်ဆောင်သွားခဲ့သည်ဟု ပြောသည်။

ထို့နောက် ထိုးနှက်ကန်ကျောက်ရိုက်နှက်ကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့များ နှင့် သတင်းပေးဆောင်ရွက်နေသဖြင့် အပြစ်ပေးခြင်းဟု ပြောဆိုခဲ့ပြီး ငွေမည်မျှ ပေးနိုင်ကြောင်း မေးခဲ့သည်ဟု ဆိုသည်။ ည ၈ နာရီခွဲတွင် မျက်နှာအား ပုဝါစည်း၍ ကျောက်ချောင်းကျေးရွာ လမ်းခွဲအထိ လူ ၄ ဦး ကပြန်ပို့ခဲ့ပြီး လူစုခွဲထွက်သွားကြောင်း ၎င်းက ပြောသည်။  

ဖွေယာ၏ ကျောအလယ်တွင် ဓားဦးချွန်ဖြင့်ထိုးစိုက်ခံရသည့်အတွက် ၁ လက်မအကျယ်၊အနက် ၂ စင်တီမီတာ ပြဲရှဒဏ်ရာတစ်ခု တွေ့ရှိခဲ့ရသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး   ကော်မတီက ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly