အမေရိကန်နှင့် စစ်ရေးလေ့ကျင့်မှုကို ပယ်ဖျက်ခြင်းက တရုတ်ကြောင့်မဟုတ်ဟု ကမ္ဘောဒီးယားပြော

အမေရိကန်နှင့် စစ်ရေးလေ့ကျင့်မှုကို ပယ်ဖျက်ခြင်းက တရုတ်ကြောင့်မဟုတ်ဟု ကမ္ဘောဒီးယားပြော

ဖနွမ်းပင်၊ ဇန်နဝါရီ ၁၇ ။                ။ ကမ္ဘောဒီးယားနိုင်ငံက အမေရိကန်နှင့် ပူးတွဲပြုလုပ်ရန် ရှိသည့် စစ်ရေးလေ့ကျင့်မှုအား ပယ်ဖျက်လိုက်ခြင်းမှာ ပြီးခဲ့သည့်လက စစ်ရေးလေ့ကျင့်မှု ပူးတွဲ လုပ်ဆောင်ထားသည့် ဒေသတွင်း မဟာမိတ်ဖြစ်သော တရုတ်ကို မျက်နှာလုပ်လို၍ မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ငြင်းဆန်ကာ ထုတ်ပြန်ခဲ့သည်။

အမေရိကန်နှင့် ကမ္ဘောဒီးယား တပ်ဖွဲ့များက လွန်ခဲ့သည့် ခုနစ်နှစ် ရပ်တန့်ထားခဲ့သည့် Angkor Sentinel ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ယခုနွေတွင် ပြုလုပ်ရန် စီးစဉ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် ကမ္ဘောဒီးယားတပ်ဖွဲ့များအနေဖြင့် မူူးယစ်ဆေးဝါးရာဇဝတ်မှုများ တိုက်ဖျက်ရေးနှင့် ဇွန်လတွင် ကျင်းပရန်စီစဉ်ထားသော လာမည့်ရွေးကောက်ပွဲတို့အတွက် ပြင်ဆင်နေရခြင်းကြောင့် အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်နိုင်ခြင်းမရှိ၍ ပယ်ဖျက်လိုက်ရခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

“၂၀၁၇ ရွေးကောက်ပွဲမှာ လုံခြုံရေးဆောင်ရွက်နိုင်ဖို့ တပ်ဖွဲ့ဝင်တွေကို လိုအပ်ပါတယ်။ ဒါကြောင့် စစ်ရေးလေ့ကျင့်မှုကို ဆိုင်းငံ့လိုက်တာပဲဖြစ်ပါတယ်။”ဟု  ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ချာဟမ်က အေအက်ဖ်ပီသို့ ပြောသည်။

“တရုတ်ရဲ့ သြဇာကြောင့် မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ တရုတ်ရော၊ အမေရိကန်ရော ဒါအပြင် အခြားသောနိုင်ငံတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတာပါ။”ဟု ၎င်းက ပြောခဲ့သည်။

တာဝန်ရှိနေဆဲ သမ္မတ ဘားရတ်အိုဘားမားက ၎င်း၏ ရှစ်နှစ်တာ သမ္မတ သက်တမ်းအတွင်း အာရှနှင့် နီးစပ်သောမဟာမိတ်များ ဖြစ်ရန် ကြိုးစားဖော်ဆောင်ခဲ့သော်လည်း ထင်သလောက်ခရီးပေါက်ခဲ့ခြင်း မရှိဖြစ်ခဲ့သည်။

သမ္မတအိုဘားမား၏ နေရာကို ဆက်ခံမည့် ဒေါ်နယ်ထရမ့်က အာရှမျှော်မူဝါဒကို ဆက်လက်ဖော်ဆောင်မည် မဖော်ဆောင်မည်ကို တိတိပပ မသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly