စွယ်စုံရ Tablet (သို့မဟုတ်) မြန်မာကလေးတို့ရဲ့ ကျောက်သင်ပုန်း

စွယ်စုံရ Tablet (သို့မဟုတ်) မြန်မာကလေးတို့ရဲ့ ကျောက်သင်ပုန်း

ဖွံ့ဖြိုးတဲ့ အနောက်နိုင်ငံတွေမှာ သင်ထောက်ကူ ပစ္စည်းတွေကို ကွန်ပျူတာနဲ့ ဆက်စပ်တဲ့ အသုံးအဆောင် ဥပမာ iPad စတဲ့ အသုံးဆောင်တွေသုံးပြီး အသုံးပြုနေကြတာပါ။ မြန်မာကလေးငယ်တွေ အတွက်ကတော့ ဒီလို သင်ထောက်ကူပစ္စည်းတွေ မသုံးနိုင်ကြသေးပါဘူး။ ကလေးငယ်တိုင်း စာစသင်ကြပြီဆို ပထမဆုံး ထိတွေ့ရတာကတော့ ကျောက်သင်ပုန်းပါပဲ။

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် စတဲ့ နိုင်ငံ့ ခေါင်းဆောင်တွေအစ ကျေးလက်တောရွာက ကျေးဇူးရှင် လယ်သမားကြီးတွေဆုံး ကျောက်သင်ပုန်းလေးတွေနဲ့ မကင်းနိုင်ကြပါဘူး။ ကျောက်သင်ပုန်းလေးတွေဟာ နိုင်ငံအတွက် ပညာတတ်တွေ မွေးဖွားရာမှာ ကျေးဇူးရှင် ဆရာများနဲ့အတူ တစ်ထောင့် တစ်နေရာက အကူအညီပေးခဲ့ကြတယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။

ကျောက်သင်ပုန်း လေးတွေဟာ လူတစ်ယောက်ကို လက်ရေးလှဖို့ ကူညီပေးနိုင်သလို ဂဏန်းသင်္ချာ တွက်ချက်တတ်ဖို့အပြင် ပန်းချီအကျော်အမော်တွေဖြစ်ဖို့လည်း အခြေခံ ပစ္စည်းလေးပါပဲ။ ဒီဘက်ခေတ်လို ပြောရင်တော့ စွယ်စုံရ Tablet အချပ်လေး တစ်ချပ်လို့ ဆိုပါစို့။ ခေတ်တွေ စနစ်တွေ ဘယ်လို ပြောင်းပြောင်း ကျောက်သင်ပုန်းလေးတွေ ရှင်သန်နေဦးမှာပါ။ ဒါဆိုရင် ဒီကျောက်သင်ပုန်းလေးတွေ ဘယ်လို ဖြစ်လာတယ်၊ ဘယ်လိုထုတ်လုပ်တယ်ဆိုတာ ကြည့်ရအောင်ပါ။

ကျောက်သင်ပုန်းတွေကတော့ မွန်ပြည်နယ်၊ ဘီလူးကျွန်းပေါ်က မုဒွန်းရွာရဲ့ လက်မှုလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ မြန်မာတို့ရဲ့ စာပေသင်ကြားမှု နယ်ပယ်မှာ ရှေးအစဉ်အဆင်ထဲကအသုံးပြုခဲ့ကြပါတယ်။ ကျောက်သင်ပုန်း ကိုတော့ သင်ပုန်းကျောက်တွေနဲ့ ပြုလုပ်ပါတယ်။ ဒီသင်ပုန်းကျောက်တွေကိုတော့ မုဒွန်းရွာက မုဆိုးမတောင်အနီး တောင်တွေမှာ အများဆုံး တူးဖော်ရရှိပါတယ်။

ဟိုးအရင်တုန်းကတော့ ကျောက်ချပ်တွေကို အလွယ်တကူ ခွာယူရရှိခဲ့ပေမယ် နောက်ပိုင်းကျောက်သားတွေ ထူးဖော်ရတာ  တဖြည်းဖြည်း ခက်ခဲလာပါတယ်။ တချို့တွင်းတွေဆို ပေ ၂၀၀ အထိ နက်ကြပါတယ်။ ကျောက်လွှာတွေက အထပ်လိုက်တည်ရှိနေတာကြောင့် တွင်းတူးတဲ့အခါ တည့်တည့်တူးလို့မရပါဘူး။ ခပ်စောင်းစောင်းလေး တူးရပါတယ်။ ကျောက်တွင်းတွေတူးရတာ အတော်လေး အန္တရယ်လည်း များပါတယ်။ မိုးတွင်းကာလတွေမှာ ကျောက်တွင်းတွေထဲ ရေတွေဝင်တာကြောင့် သင်ပုန်းကျောက်တူးတာတွေ ခတ္တရပ်နားရပါတယ်။

ဒီလိုတူးပြီးရလာတဲ့ ကျောက်ချပ်တွေကို မကျိုးမပဲ့ရအောင် တောင်အောက်ဂရုစိုက်သယ်လာရပြီး မညာသေးတဲ့ မျက်နှာပြင်ကို ရွေဘော်တွေနဲ့ထိုးပေးပြီး ချောပေးရပါတယ်။ကော်ပတ်စားပြီး ရေးသားရာမှာ ထင်ရှားဖို့အတွက် ဆေးအမဲသုတ်ပေးရပါသေးတယ်။ ပြီးတော့သစ်ဖြူသားနဲ့ ဘောင်တွေတပ်ရပါတယ်။ သစ်ဖြူသားက ပိုးလည်းမစားတဲ့အပြင် ပေါ့ပါးပြီး ခိုင်ခန့်တာကြောင့် ကျောက်သင်ပုန်းဘောင် အဖြစ်အသုံးပြုတာလို့ ပြောပါတယ်။ ဘောင်တပ်ရာမှာလည်း ကျောက်သင်ပုန်း အသုံးပြုသူ ကလေးသူငယ်တို့ကို ထိခိုက်ရှနာတာမျိုး မဖြစ်ရအောင် သေသေသပ်သပ် အချောကိုင်ပေးရပါသေးတယ်။

ကျောက်သင်ပုန်း တစ်ချက်ဖြစ်လာဖို့က တကယ်ကို မလွယ်ကူပါဘူး။ အခုနောက်ပိုင်း နည်းပညာတွေနဲ့ ပစ္စည်းကိရိယာ ပေါကြွယ်လာမှုတွေကြောင့် ကျောက်သင်ပုန်းတွေကို သင်ထောက်ကူပစ္စညါးအနေနဲ့ အသုံးပြုတာတွေ နည်းလာပါပြီ။ ဒါပေမယ့် ကျောက်သင်ပုန်းတွေကို သုံးစွဲမှု နည်းသွားပေမယ့် မွန်တို့ရဲ့ လက်မှုပညာ၊ မိရိုးဖလာ လုပ်ငန်းတစ်ခုအနေနဲ့ မွန်ပြည်နယ်က မုဒွန်းရွာလေးမှာ ဆက်လက်တည်ရှိ နေဦးအုံးမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags