မန်းရွှေစက်တော် ပုဂ္ဂလိက တဲကျောင်းလုပ်ငန်းတင်ဒါ မဲနှိုက်ရွေးချယ်ခဲ့

မန်းရွှေစက်တော် ပုဂ္ဂလိက တဲကျောင်းလုပ်ငန်းတင်ဒါ မဲနှိုက်ရွေးချယ်ခဲ့

မကွေး၊ဇန်နဝါရီ ၁၇ ။            ။ မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော် ဘုရားပွဲတော်၊ ပုဂ္ဂလိက တဲကျောင်းလုပ်ငန်း တင်ဒါလျှောက်ထားသူများအား ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် မင်းဘူး/စကုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်မ၌ ပွင့်လင်းမြင်သာစွာ မဲနှိုက်ရွေးချယ်ပေးခဲ့သည်။

ပုဂ္ဂလိကတဲကျောင်း ၁၂၁ လုံး အတွက် မင်းဘူးခရိုင်အတွင်းရှိ လုပ်ငန်းရှင်များသာ လျှောက်ထားခွင့်ရှိပြီး လျှောက်ထားလိုသူများသည် မင်းဘူးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ကျပ်သိန်း(၃၀) သွင်းပြီး လျှောက်လွှာများ ဂေါပကရုံးသို့ တင်ရကြောင်း ၊၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်နေ့မှ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့အထိ တဲကျောင်းလျှောက်လွှာများ ၄၆၅ စောင် လက်ခံရရှိကြောင်း ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

တဲကျောင်းမပေါက်သည့် လုပ်ငန်းရှင်များအား တစ်ပတ်အတွင်း စရန်တင်သွင်းထားသည့် ကျပ်သိန်း၃၀ ပြန်လည်ပေးသွားမည်ဖြစ်ကြောင်း၊ တဲကျောင်းအမျိုးအစားများမှာ ကျပ်သိန်း ၂၀ မှ ၇၀ အထိ ရှိကြောင်း တဲကျောင်းမဲနှိုက်သူသည် ကျပ်သိန်း၂၀ တန် ပေါက်ပါက ဘဏ်သွင်းငွေမှ ပိုငွေ ပြန်အမ်းကာ ကျပ်သိန်း ၃၀ ထက် ပိုတန်ကြေးရှိ တဲကျောင်းပေါက်ပါက ကျန်ငွေအပြီးသွင်းမှသာ လုပ်ကိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

တဲကျောင်းမဲပေါက်သူများသည် မဲပေါက်သည့်အတိုင်း လုပ်ကိုင်ရမည်ဖြစ်ပြီး လွှဲပြောင်းရောင်းချခြင်း၊ အလဲအလှယ်ပြုလုပ်ခြင်း လုံဝမပြုရဘဲ ဂေါပကအဖွဲ့မှ သတ်မှတ်ပေးသည့် စည်းမျဉ်းစည်းကမ်းများ လိုက်နာရမည်အပြင် တဲကျောင်းခ သတ်မှတ်နှုန်းထားထက် ပိုတောင်းပါက နာမည်ပျက်စာရင်း သတ်မှတ်ခြင်း၊ တဲကျောင်းလုပ်ငန်း ပိတ်သိမ်းခြင်းများဖြင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဂေါပကဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောသည်။

“ ဒီနှစ် အရပ်သားဂေါပကအဖွဲ့ဟာ လုပ်တာကိုင်တာ ပွင့်လင်းပါတယ် ။ တဲကျောင်း တင်ဒါတွေကို အရင်လို နီးစပ်ရာမပေးဘူး။ မင်းဘူးခရိုင်အတွင်းက လုပ်ငန်းရှင်တွေ တင်ဒါခေါ်တယ်။ အခု ပွင့်ပွင့်လင်းလင်း မဲနှိုက်ရွေးချယ်ပေးတယ်။ တဲကျောင်းတည်းခိုခတွေကိုလည်း ရေစပ်တစ်ခန်း သုံးသောင်းကျပ် ၊ ကုန်းပေါ် ၁ခန်း နှစ်သောင်းကျပ်ထက် ပိုမတောင်းရဘူး။  ပိုယူရင် ထိထိရောက်ရောက် အရေးယူမယ်လို့ စည်ကမ်းထုတ်ထားတယ်။ တကယ် လုပ်၊ မလုပ် စောင့်ကြည့်ရမှာပေါ့ ။ ကျွန်တော် ဒီနေ့ တဲကျောင်းမဲလာနှိုက်တာ မပေါက်ပါဘူး ” ဟု စကုမှလုပ်ငန်းရှင် ကိုငယ်လေးက မဇ္ဈိမသို့ ပြောသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်အား ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဧပြီ ၁၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly