အားလုံးပါဝင်တဲ့ စစ်မှန်ပြီး တရားမျှတတဲ့ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ကက်သလစ်ဆရာတော်များ၏ တင်ပြမှု ဒေါ်အောင်ဆန်းစုကြည်လက်ခံ

အားလုံးပါဝင်တဲ့ စစ်မှန်ပြီး တရားမျှတတဲ့ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ကက်သလစ်ဆရာတော်များ၏ တင်ပြမှု ဒေါ်အောင်ဆန်းစုကြည်လက်ခံ

ချင်းမိုင်၊ ဇန်နဝါရီ ၁၇ ။           ။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ပြေးဒုက္ခသည် ပိုမိုများပြားလာချိန်တွင် မြန်မာနိုင်ငံ ကက်သလစ်အသင်းတော်မှ ကက်သလစ်ခရစ်ယာန်ဆရာတော်ကြီး ၄ ပါး နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်တွင် ဇန်နဝါရီလ ၁၅ ရက်က   တွေ့ဆုံဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံကက်သလစ်အသင်းတော်မှ ကချင်ဆရာတော်ကြီးများ ဖြစ်သော ပေါလ်ဇိန်ထုန်းဂရောင်၊ ဖီးလစ်ပ် လစပ် ဇေဟောင်း၊ ဖရန်စစ် ဒေါတန်နှင့် ရယ်မွန် ဆွမ်းလွတ်ဂမ်တို့ သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု အခြေအနေ၊ လက်ရှိ ငြိမ်းချမ်းရေးအခြေအနေနှင့် စစ်ပြေးဒုက္ခသည်များ အခြေအနေများနှင့် ပတ်သက်၍ ယင်းတွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်ခဲ့သော ဆရာတော်ကြီး ဖရန်စစ် ဒေါတန် (Francis Daw Tang) အား မဇ္ဈိမက ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ မနေ့က ဆရာတော်ကြီး ၄ ပါးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဖြစ်တဲ့အကြောင်းရင်းကို ပြောပြပေးပါဦး။

ဖြေ။ ။ လက်ရှိ အခြေအနေတွေကို တင်ပြဆွေးနွေးချင်လို့ သွားတာပါ။ ဒီကက်သလစ်လူငယ်တွေကနေတဆင့် New Yearကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ ကမ်းလှမ်းထားတယ်။ ကမ်းလှမ်းထားတဲ့အတိုင်း ပြန်စီစဉ်ပေးလို့ ကျနော်တို့ သွားတာပါ။

မေး။ ။ ဆရာတော်ကြီးတို့ ဒါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စီစဉ်ရတဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ။

ဖြေ။ ။ ကျနော်တို့ ကချင်ဆရာတော်ကြီးရဲ့ Statement (ထုတ်ပြန်ချက်) ပေးချင်တာလည်း တကြောင်းပါတယ်။ လက်ရှိ အခြေအနေတွေကို ဒီစစ်ဆင်ရေးပါမှာပါဝင်နေတဲ့ အင်အားစုအားလုံး၊ ပြည်သူလူထုရဲ့ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းကို ရှေးရှုပြီးတော့ အားလုံး ချိန့်ချိန့်ချိန်ချိန် အခြေအနေကောင်းကို ဆွေးနွေးမှုကို မဖြစ်မနေ ကြိုးစားကြဖို့ ပါဝင်ကြဖို့ ကျနော်တို့ အားပေးတယ်။

မေး။ ။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဆရာတော်ကြီးတွေဘက်က ဘာတွေ ပြောဆို တင်ပြခဲ့လဲ။

ဖြေ။ ။ လက်ရှိ အခြေအနေကို ကျနော်တို့ အရင်တုန်းက ၂၀၁၅ ရွေးကောက်ပွဲမှာ လူထုကို တကယ်ဦးဆောင်နိုင်တဲ့ နိုင်ငံရေးပါတီရဲ့ ထိုက်တန်တဲ့ခေါင်းဆောင် ရရှိဖို့ ကျနော်တို့ အသင်းတော်အနေနဲ့ ဆုတောင်းပေးခဲ့တယ်။ ဆုတောင်းတဲ့ အတိုင်း NLD က နိုင်ငံရဲ့ ဦးဆောင်ဖို့ အာဏာရလာတဲ့အတွက် ဝမ်းသာကြိုဆိုတယ်။ ဆက်လက်ကြီးတော့ ကျနော်တို့ မျှော်လင့်တာက တပြည်လုံးအတိုင်းအတာ လူမျိုးစုပေါင်စုံပါဝင်တဲ့ စစ်မှန်တဲ့ တရားမျှတခြင်းနဲ့ ငြိမ်းချမ်းခြင်းကို ဖော်ဆောင်ဖို့ မျှော်လင့်တဲ့အကြောင်း အဓိက ပြောတာပါ။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကရော ဘာတွေ ပြောကြားခဲ့လဲ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြောလာတာကတော့ သူ့အနေနဲ့ သူ့အနေနဲ့ ဒါကို အဓိက အတတ်နိုင်ဆုံး ပါဝင်ဖို့ ဒီလုပ်ငန်းကို လက်ခံခြင်း ဖြစ်တယ်။ ဒါပေမဲ့ သူ့မှာ အခု အခက်အခဲ အများကြီးရှိတယ်။ သူကိုယ်တိုင်လည်း လူမျိုးရဲ့ နောက်ကွယ်မှာ အများကြီး အကြာကြီး အချိန်ယူပြီးတော့ ပြင်ဆင်ခဲ့တယ်။ အခက်အခဲအများကြီးရှိတယ်။ ပြည်သူလူထုရဲ့ ဝိုင်းဝန်း ပံ့ပိုး ကူညီမှုကို အထူးသဖြင့် ကျနော်တို့ ဘာသာရေးခေါင်းဆောင်တွေ ဆုတောင်းပေးခြင်း၊ အားပေးခြင်း၊ ထောက်ခံခြင်း လိုလားတဲ့အကြောင်း ပြောပါတယ်။

မေး။ ။ ဘယ်လို အခက်အခဲတွေ ရှိတယ်ဆိုတာ ပြောလဲ။

ဖြေ။ ။ အခက်အခဲဆိုတာက အခုကျနော်တို့အားလုံး သိတဲ့အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ တပ်မတော်ရဲ့ အာဏာအောက်မှာ လက်ရှိ အစိုးရရဲ့ ဦးဆောင်မှုကို သူတို့ သိပ်ပြီး ဘယ်လိုခေါ်မလဲ။ ကိုယ့်လိုင်းနဲ့ကိုယ် အဲဒီလို ပုံစံမျိုး ဖြစ်နေတယ်။ သူ့အနေနဲ့ ပြန်ပြောတာက သူ့မှာလည်း အခက်အခဲအများကြီး ရှိတယ်ဆိုတာ ဝန်လေးမှုနဲ့ ခံစားချက်ကို သူပြောတယ်။

မေး။ ။ မနေ့က ဆွေးနွေးကြတဲ့အထဲ ငြိမ်းချမ်းရေးအတွက် ဘယ်လောက် အတိုင်းအတာထိ ဆွေးနွေးနိုင်ခဲ့လဲ။ ဒီဆွေးနွေးမှုက ငြိမ်းချမ်းရေးအတွက် ဘယ်လောက် အကျိုးရှိလဲ။

ဖြေ။ ။ ကျနော်တို့အနေနဲ့ကတော့ မြင်တွေ့နေရတဲ့ အခြေအနေတွေကို တင်ပြရုံပဲ ရှိတယ်။ ဘယ်လို ဆက်သွားမယ် ဆိုတာကိုကြတော့ သူတို့ အာဏာပိုင် အဖွဲ့အစည်းရဲ့ မူဘောင်မှာပဲ မူတည်မယ်လို့ မြင်တယ်။

မေး။ ။ NLD အစိုးရက ဦးဆောင်ကျင်းခဲ့တဲ့ ညီလာခံက တကယ် အနှစ်သာရရှိတယ်။ တိုင်းရင်းသားတွေဘက်က ပြောပိုင်ခွင့်၊ ရပိုင်ခွင့်တွေ ဘယ်လောက်ထိ အကောင်အထည်ဖော်ပေးနိုင်ခဲ့တဲ့ ညီလာခံလို့ ပြောလို့ ရမလဲ။

ဖြေ။ ။ ကျနော်တို့ နည်းနည်းတင်ပြတာက NLD အစိုးရ ဦးဆောင်ပြီးတော့ ၂၁ ရာစုပင်လုံ ညီလာခံကို ဦးဆောင်ခဲ့တာကိုလည်း ထောက်ခံတယ်။ အဲဒီထဲမှာ NCAလက်မှတ်ထိုးတဲ့အဖွဲ့နဲ့ မထိုးသေးတဲ့ အဖွဲတွေအားလုံး တော်တော်စုံစုံတက်တာကို အားရတယ်။ ဆက်ပြီးတော့ ကျနော်တို့ အသင်းတော်အနေနဲ့ဆက်ပြီးတော့ ထောက်ခံအားပေးတယ်။ အဲဒီလို ဆက်သွားစေချင်တယ်လို့ တင်ပြတယ်။

နောက်အဲဒီလို ဆွေးနွေးပြီးတဲ့နောက် အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာကြတော့ ထိုးစစ်ဆင်မှုက ခါတိုင်းထက် အင်မတန်မှ ပိုပြီးတော့ ပြင်းထန်တဲ့ ပုံစံနဲ့ ဝင်လာတယ်။ အဲဒါကို ကျနော်တို့ ပြည်သူလူထုနဲ့ အသင်းတော်အနေနဲ့ ရော အံ့သြမဆုံးဘူးပေါ့လေ။ ဘယ်လိုဆိုတဲ့ ကျနော်တို့ ခံစားချက်၊ ပြည်သူလူထု အလိုရှိတယ်ဆိုတာကို တင်ပြခဲ့တယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်လို့ ပြောထားတယ်။ တကယ် လက်တွေ့ဖြစ်လာနိုင်ပါ့မလား။

ဖြေ။ ။ အဲဒါက ကျနော်တို့ မြန်မာနိုင်ငံ ပထမဦးဆုံး ကာဒီနယ် ချားလ်စ်ဘိုနဲ့ ကျနော်တို့ ကက်သလစ် Bishop ကွန်ကရက်ကနေ ထုတ်ပြန်တဲ့ ကြေငြာချက်ပါ။ ၂၀၁၇ ကို ကျနော်တို့ ငြိမ်းချမ်းရေးနှစ်အနေနဲ့ အစာရှောင်၊ ဝါရှောင်၊ ဆုတောင်းကြမယ်။ ပြည်သူလူထုတရပ်လုံး ငြိမ်းချမ်းမှုထဲမှ အတတ်နိုင်ဆုံး ပါဝင်ကြဖို၊ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ နေရာဒေသမရွေး အားပေးဖု့ိ ကျနော်တို့ တိုက်တွန်းထားတာပါ။

မေး။ ။ ငြိမ်းချမ်းရေးနှစ်လို့ ပြောလို့ရအောင် ငြိမ်းချမ်းရေးအတွက် ဘာသာရေးခေါင်းဆောင်တွေဘက်ရော ဘာတွေလုပ်ပေးနိုင်မလဲ။

ဖြေ။ ။ ကျနော်တို့အနေနဲ့တော့ နိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဌာနပေါင်းစုံ၊ NGO အားလုံး စုပေါင်းပြီးတော့ ငြိမ်းချမ်းရေး အခမ်းအနားကို လုပ်ဖို့ စီစဉ်ဖို့ဆုံးဖြတ်ထားပါတယ်။ အားလုံးသော အတတ်နိုင်ဆုံး ပါဝင်ပြီးတော့ ဘာသာပေါင်းစုံ၊ နိုင်ငံရေးခေါင်းဆောင်များ အတတ်နိုင်ဆုံးပါဝင်ပြီးတော့ ဆွေးနွေးမှုကို စဖို့ ဝိုင်းဆွေးနွေးနေတယ်။ ဘယ်နေ့၊ ဘယ်ရက်ဆိုတာ မဆုံးဖြတ်ရသေးဘူး။

မေး။ ။ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဘာသာရေးခေါင်းဆောင်တွေ ပါဝင်ဆွေးနွေးဖို့ တောင်းဆိုဖို့ရှိလား။

ဖြေ။ ။ ကျနော်တို့ အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ပါဝင်ဖို့ လိုလားပါတယ်။ ဒါပေမဲ့ နိုင်ငံရေးနဲ့ အကျွမ်းတဝင်မရှိတဲ့ ကျနော်တို့ ဘာသာရေးခေါင်းဆောင်တွေ ရှေ့နောက်မညီ ပြောဆိုမှု၊ ပြင်းပြင်းထန်ထန် ပြောဆိုတာ ကျနော်တို့ အနေနဲ့ အားမပေးဘူး။

မေး။ ။ အရင်အစိုးရနဲ့ အခုအစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ လုပ်ဆောင်မှုအပေါ် ဆရာတော်ကြီးဘက်က ဘယ်လို မြင်လဲ။ ဘာတွေ ကွာသွားလဲရှင်။

ဖြေ။ ။ အရင်တုန်းက ကြံ့ခိုင်ရေးပါတီ ဦးသိန်းစိန် ဦးဆောင်တုန်းကတော့ IDP အရေးနဲ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး ဆွေးနွေးတယ်။ ဒါပေမဲ့ ဆွေးနွေးသာ ဆွေးနွေးတယ်။ မူဘောင် မရှိ၊ လက်တွေ့ မဆန်တဲ့ ဟာတွေတစ်ချို့ ပါနေတာကို တွေ့ရတယ်။ ဒါကြောင့် ရှေ့ဆက်ပြီး ဆွေးနွေးတဲ့အချိန်မှာ မူဘောင်တိတိကျကျနဲ့ အာမခံချက်ပေးမယ့်အရာတွေကို ကျနော်တို့ မျှော်လင့်တယ်။ လက်တွေ့မကျဘူးဆိုတာက အရင်တုန်းက ဆွေးနွေးခဲ့တဲ့ ဥပမာ စစ်ရှောင်စခန်း ၄ ခု ရွာ ၄ ရွာကို ပြန်ဖို့ ဆိုတာဆွေးနွေးတဲ့ထဲမှာ ပါတယ်။ ဒါပေမဲ့ လက်တွေ့အကောင်အထည်ဖော်မှုနဲ့ ဒါကို ပဋိပက္ခ ပြန်မဖြစ်အောင် ကွပ်ကဲဦးဆောင်မယ့် ကော်မတီတွေ မရှိတော့ ဘာမှ အကောင်အထည်ဖော်မှုမရှိဘူး။ ပြည်တွင်းစစ်ပဲ ဆက်ဖြစ်နေတယ်။ အခုအစိုးရကတော့ သူ့ရဲ့ အစီအစဉ် ဘယ်လို ရှိတယ်ဆိုတာ ကျနော်တို့ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ သူတို့အနေအထားကို မသိနိုင်ဘူး။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုအပေါ်မှာ ဘာများ ထပ်ဖြည့်ပြောချင်သေးလဲ။

ဖြေ။ ။ သူနဲ့တွေ့တော့ လက်ရှိ အခြေအနေ အထူးသဖြင့် ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေဟာကို အရင်တုန်းက မသုံးခဲ့တဲ့ လက်နက်ကြီး၊ တိုက်လေယာဉ်တွေနဲ့ တလဟော အရှိန်အဟုန်နဲ့ တိုက်ပွဲကြီးတွေ ဖြစ်လာတာတော့ ကျနော်တို့ အားလုံးအတွက် စိုးရိမ်မှု၊ သံသယတွေ အများကြီးရှိတယ်။ ဒါကြောင့် အသတ်နိုင်ဆုံး ဖြေရှင်းရပ်တည်ပေးဖို့ တင်ပြခဲ့တယ်။

မေး။ ။ အခုကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ပြေး ဒုက္ခသည်တွေရဲ့ နောက်ဆုံး အခြေအနေ ဘယ်လို ရှိနေလဲ။

ဖြေ။ ။ လက်ရှိ စစ်ပြေးဒုက္ခသည်တွေက တချို့ အစိုးရ အုပ်ချုပ်မှုအောက်မှာရှိတဲ့ IDP စခန်းဘက် ရောက်လာတယ်။ တချို့က ကေအိုင်အို ထိန်းချုပ်နယ်မြေမှာကြတော့ မလုံခြုံတော့တဲ့ နေရာကနေ တခြားစခန်းထိကို ပြန်ရွှေ့နေရတယ်လို့ သိရတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ နောက်ဆုံး JST လို့ ခေါ်တဲ့ အဖွဲ့ကနေ ထုတ်ပြန်ထားတဲ့ စာရွက်စာတမ်းတွေ အားလုံး သူ့ကို ပေးထားလိုက်ပါတယ်။

မေး။ ။ အဲဒီ စစ်ပြေးဒုက္ခသည်တွေကို အဓိက ဘာတွေ အရေးတကြီး လိုအပ်နေလဲ။

ဖြေ။ ။ အခု စစ်ပြေးဒုက္ခသည်တွေက စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး အဓိက အခက်အခဲ ဖြစ်နေတယ်လို့ ကြားရတယ်။ နေရာပြန်ပြောင်းရွှေ့တယ်ဆိုတော့ သူတို့ နေထိုင်ဖို့ နေရာနဲ့ အရေးပေါ် စားသောက်ဖို့ လိုအပ်နေတယ်။

မေး။ ။ စစ်ပြေးဒုက္ခသည်တွေကို ဘာများ အားပေးစကားပြောချင်လဲ။

ဖြေ။ ။ ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး သူတို့ ရောက်တဲ့နေရာမှာ ကျနော်တို့ အသင်းတော်အနေနဲ့ ပါဝင်ကူညီမယ်။ သူတု့ိအတွက် ရပ်တည်နေမယ်။ ဆုတောင်းပေးမယ်။ အရင်တုန်းကလို့ ပုံမှန် မိတ်မပြတ်၊ ဆွေမပြတ် ရပ်တည်ဖို့ ကျနော်တို့မှာ အဆင်သင့်ရှိပါတယ်။

မေး။ ။ ဆရာတော်ကြီးအနေနဲ့ တခြားဘာများ ထပ်ဖြည့်ပြောချင်သေးလဲရှင်။

ဖြေ။ ။ လက်ရှိ အစိုးရအနေနဲ့ အခုလို အခြေအနေမျိုးကို ငွေကုန်ကြေးကျ၊ အသက်ပေါင်းများစွာ ပျက်ဆီးဆုံးရှုံးခံပြီးတော့ ရတဲ့ စစ်ပွဲဆိုပြီးတော့ တိုက်ခိုက်နေခြင်းဟာ ကျနော်တို့ အနေနဲ့ တော်တော်ကို နားမလည်ဖြစ်တယ်။ ဒါကို အတတ်နိုင်ဆုံး အကောင်းဆုံး ငြိမ်းချမ်းမှုကို ရရှိဖို့ အားပေးချင်တယ်။ တိုက်ပွဲတွေ ရပ်တန့်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးညှိနှိုင်းပေးဖို့ ငြိမ်းချမ်းခြင်းကို အားပေးဖို့ ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly