မန်ယူနည်းပြဟောင်း ဗန်ဟားလ် ဘောလုံးလောကမှ အနားယူ

မန်ယူနည်းပြဟောင်း ဗန်ဟားလ် ဘောလုံးလောကမှ အနားယူ

ဇန်နဝါရီ ၁၇၊ အင်္ဂလန် ။            ။ မန်ယူ၊ ဘာစီလိုနာနှင့် ဟော်လန်လက်ရွေးစင်အသင်းတို့၏နည်းပြဟောင်း လူးဝစ္စဗန်ဟားလ်က ဘောလုံးလောကမှ အနားယူပြီ ဖြစ်ကြောင်း ထုတ်ဖော်ကြေညာလိုက်သည်။

အသက် ၆၅ နှစ်အရွယ်ရှိဗန်ဟားလ်သည် နည်းပြလောကတွင် ၂၆ နှစ်ကြာ လုပ်ကိုင်ခဲ့ပြီး နောက်ဆုံး မန်ယူအသင်းကို နည်းပြခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းအတွက် ၂၀၁၆ ခုနှစ်၊ မေလတွင် အက်ဖ်အေဖလားရယူပေးခဲ့ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်သည်။

'နည်းပြဘဝက အနားယူချင်ပြီလားလို့ ကျွန်တော်တွေးကြည့်ပါတယ်။ နောက်တော့ဒါက ခဏလောက်အနားယူချင်တဲ့ သဘောမျိုးလားလို့ တွေးမိပါတယ်။ ဒါပေမဲ့ ကျွန်တော်နည်းပြဘဝကို   ပြန်လာဖြစ်တော့မယ်လို့ မထင်ပါဘူး' ဟု ဗန်ဟားလ်က ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်လက သမီးဖြစ်သူ၏ခင်ပွန်း ရုတ်တရက်ဆုံးပါးသွားခဲ့ရခြင်းက ဗန်ဟားလ်ကို ဘောလုံးလောကမှ အနားယူရန် တွန်အားဖြစ်စေခဲ့ကြောင်း မီဒီယာတစ်ချို့က ဖော်ပြခဲ့ကြသည်။

ဗန်ဟားလ်ကလည်း 'မိသားစုထဲမှာ ဆိုးရွားတဲ့ အဖြစ်အပျက်ဖြစ်ပွားခဲ့ပါတယ်။ လူရယ်လို့ ဖြစ်လာရင် ဒီလိုကိစ္စရပ်တွေ ကြုံလာရမှာပါပဲ' ဟု ဆိုသည်။

ထို့အပြင် ဗန်ဟားလ်က သူ၏နည်းပြဘဝကို ရှေ့ဆက်ရန် အရှေ့ကမ္ဘာမှ အလွန်ကောင်းသည့် ကမ်းလှမ်းမှုများ ရှိခဲ့ကြောင်းလည်း ထုတ်ဖော်ပြောဆိုသွားခဲ့သည်။

ဗန်ဟားလ်သည် အေဂျက်ဇ်၊ အယ်လ်ခမာ၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ မန်ယူနှင့် ဟော်လန်လက်ရွေးစင်အသင်းများကို ကိုင်တွယ်ခဲ့ပြီး ဆုဖလားပေါင်း ၂၀ ရရှိခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly