ဆမ်ဆောင်းအမွေဆက်ခံမည့်သူအား ဖမ်းဝရမ်းထုတ်နိုင်ရေး တောင်ကိုရီးယားအစိုးရရှေ့နေများ ကြိုးစား

ဆမ်ဆောင်းအမွေဆက်ခံမည့်သူအား ဖမ်းဝရမ်းထုတ်နိုင်ရေး တောင်ကိုရီးယားအစိုးရရှေ့နေများ ကြိုးစား

ဆိုးလ်၊ ဇန်နဝါရီ ၁၆ ။            ။ ရာထူးဖယ်ရှားခံထားရသည့် တောင်ကိုရီးယားသမ္မတ၏ အဂတိအရှုပ်တော်ပုံနှင့် ပတ်သက်ဆက်နွှယ်မှုဖြင့် အကြီးစားကုမ္ပဏီလုပ်ငန်းစုကြီးဖြစ်သော ဆမ်ဆောင်းကုမ္ပဏီကြီး၏ အမွေဆက်ခံကာ အကြီးအကဲဖြစ်လာမည့်သူအား ဖမ်းဝရမ်းထုတ်ရန် အစိုးရရှေ့နေများက စိုင်းပြင်းလျက်ရှိနေသည်။

ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော ဆမ်ဆောင်းအနေဖြင့် Galaxy Note 7 ဖုန်းများ မီးလောင်သည့် ပြဿနာများ ပေါ်ပေါက်၍ ပြန်လည်သိမ်းယူရကာ အခြေအနေပျက်ပြားနေစဉ် ယခုအမှုကို ရင်ဆိုင်ရခြင်းလည်းဖြစ်သည်။

ဆမ်ဆောင်းအုပ်စု၏ ဥက္ကဌဖြစ်သူ လီကန်ဟေး၏ တစ်ဦးတည်းသောသားဖြစ်သော ဆမ်ဆောင်းအမွေဆက်ခံသူ လီဂျေယောင်းအား ဖမ်းဝရမ်းထုတ်ပေးရေး အကျင့်ပျက်အဂတိအရှုပ်တော်ပုံကို စုံစမ်းစစ်ဆေးလျက်ရှိသည့် ရှေ့နေများက တရားရုံးသို့ တိုက်တွန်းထားပြီဖြစ်သည်။

အဆိုပါ ရှေ့နေများ၏ လျှောက်လဲချက်ကို ဇန်နဝါရီ ၁၈ ရက်တွင် ကြားနာဆုံးဖြတ်မည်ဖြစ်ကြောင်း ဆိုးလ်ဗဟိုခရိုင်တရားရုံးက ပြောသည်။

ဆမ်ဆောင်းကုမ္ပဏီ၏ ဘဏ္ဍာငွေသည် တောင်ကိုရီးယားတစ်နိုင်ငံလုံး ဂျီဒီပီ၏ ငါးပုံတစ်ပုံရှိရာ လီဂျေယောင်းအား ဖမ်းဆီးခြင်းက တိုင်းပြည်၏ စီးပွားရေးအတွက် အဓိကသက်ရောက်မှု ဖြစ်လာစေမည်ဟု ရှေ့နေအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ဝန်ခံပြောသည်။ “ဒါပေမယ့် တရားမျှတမှု ပေါ်ပေါက်ဖို့က ပိုအရေးကြီးတယ်လို့ ကျွန်တော်တို့က ယုံကြည်လို့ပါပဲ။”ဟု ၎င်းက ပြောခဲ့သည်။

လီဂျေယောင်းသည် ဆမ်ဆောင်းအီလက်ထရောနစ်၏ ဒုတိယဥက္ကဌဖြစ်ကာ ၂၀၁၄ ခုနှစ်က ဖခင်ဖြစ်သူ နှလုံးရောဂါခံစားရပြီးနောက် ဆမ်ဆောင်းအုပ်စု၏ ယာယီအကြီးအကဲအဖြစ် တာဝန်ရှိနေသူတစ်ဦးလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly