မ.ထ.သ ၀န်ထမ်းများ ဆန္ဒရှိပါက ရန်ကုန်တိုင်းအစိုးရ၏ YRTAတွင် ဆက်လက် တာဝန်ထမ်းဆောင်နိုင်

မ.ထ.သ ၀န်ထမ်းများ ဆန္ဒရှိပါက ရန်ကုန်တိုင်းအစိုးရ၏ YRTAတွင် ဆက်လက် တာဝန်ထမ်းဆောင်နိုင်

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ။            ။ မထသ ဝန်ထမ်းများအနေဖြင့် ဆန္ဒရှိပါက အသစ်ဖွဲ့စည်းထားသည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တွင် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

“ ဝန်ထမ်းတွေက YRTA ဝန်ထမ်းပဲဖြစ်မှာပဲ။ မလုပ်ချင်ဘူးဆိုရင်တော့ ကျွန်တော်တို့က ဝန်ထမ်းစည်းမျဉ်းစည်းကမ်း၊ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးလိုက်မယ် ။ ဆက်လုပ်ချင်တဲ့သူတွေ ကျွန်တော်တို့က လူတွေလိုတယ် ။ ဘာကြောင့်ဆို ရှေ့ဆက်လုပ်မယ့် လုပ်ငန်းရပ်တွေက ရှိပြီးသား။ တစ်ချို့ဝန်ထမ်းတွေကကြတော့ ကုမ္မဏီဖွဲ့စည်းတဲ့ဘက်ကို ပါသွားမယ်။ တစ်ချို့က အစိုးရဝန်ထမ်းအဖြစ် ဆက်လုပ်ချင်တယ်ဆို ကျွန်တော်တို့ခေါ်ထားလိုက်မယ် ” ဟု ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

ယနေ့ ဇန်နဝါရီ ၁၆ ၊တာမွေမြို့နယ်ရှိ YRTA (ယခင် မထသ ရုံးဟောင်း) တွင် ပြုလုပ်သော အများပိုင်စနစ်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

ပြန်လည်ခန့်အပ်ခံရမည့် ဝန်ထမ်းများအနေဖြင့် လက်ရှိလုပ်ကိုင်နေသည့် ဌာနများတွင် ဆက်လက်တာဝန်ထမ်းဆောင်ရမည်မဟုတ်ဘဲ စနစ်မတူတော့သည့်အတွက် ကျရာဌာနတွင်သာ တာဝန်ထမ်းဆောင်ရမည်ဟု  ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး အဲဒီအပေါ် မထသဝန်ထမ်းဟောင်းများက စိုးရိမ်နေကြသည်ဟု သိရသည်။

လုပ်သက် နှစ် ၂၀ ကြာရှိသည့် မထသဗဟို စီးပွားရေးဌာနခွဲမှ ဌာနစုမှူး မအေးအေးသန်းက “ ဝန်ထမ်းတွေအတွက် ပြန်ခန့်ဖို့ကတော့ ဟုတ်တယ်။ ဘယ်လိုပုံစံနဲ့ခန့်ပေးမှာလဲ၊ ဘယ်မှာသွားနေရမှာလဲ၊ ဘာလုပ်ရမှာလဲ။ လက်ရှိက ဒီမှာရုံးထိုင်နေတော့ ဝန်ထမ်းတွေက အသက်ကြီးတဲ့သူတွေလည်းအများကြီးလေ။ သူတို့ကြတော့ တခြားမှာသွားလျှောက်ရင်လည်း အဆင်မပြေဘူး။ အဲဒါကြောင့် ဝန်ထမ်းတွေက စိတ်ပူနေကြတယ် ” ဟု ပြောသည်။

 

ယခင် မထသရှိ ဌာန ၇ ခုမှ ဝန်ထမ်းအင်အားပေါင်း ၇၀၀ ကျော်ရှိနေပြီး ဝန်ထမ်းများအနေဖြင့် YRTA တွင် ဆက်လက်တာဝန်ထမ်း ဆောင်လိုပါက လျှောက်ထားနိုင်ကာ ကျရာနေရာတွင် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ ရထားတဲ့အခြေနေအတိုင်းလက်ခံထားမယ် ။ ဒါပေမယ့် ဒီတာဝန်တွေတော့ ဟုတ်ချင်မှ ဟုတ်တော့မယ် ။ ဘာဖြစ်လို့လဲဆို စနစ်ပြောင်းသွားပြီလေ။ အရင်ဌာနတုန်းကလုပ်တဲ့ဟာက စာရင်းသွင်းတယ်ဆိုရင် အဲဒါတွေ YRTA က လုပ်စရာမလိုတော့ဘူး။ အော်ပရေတာ အဖွဲ့တွေက သူ့ဟာနဲ့သူလုပ်သွားလိမ့်မယ် ” ဟု ပြောဆိုသည်။

မထသ ကို ယနေ့ ဇန်နဝါရီ ၁၆ ရက်မှစတင်ရပ်ဆိုင်းလိုက်ပြီဖြစ်သော်လည်း ဝန်ထမ်းများ၏ လစာကို လကုန်အထိပေးသွားမည်ဖြစ်ပြီး ဆက်လက်မလုပ်ကိုင်လိုသည့် ဝန်ထမ်းများကို ဥပဒေကြောင်းအရ နစ်နာကြေးပေးအပ်သွားမည်ဖြစ်သည်။

YRTA တွင် ဝန်ထမ်းများထပ်မံလိုအပ်နေသေးပြီး ယာဉ်ထိန်းချုပ်သည့်ဌာနအတွက် အင်ဂျင်နီယာများလည်း ထပ်မံခန့်အပ်သွားမည်ဖြစ်သည်ဟု အဆိုပါသတင်းစာရှင်းလင်းပွဲမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly