ပြန်ပေးဆွဲ လူသတ်ခဲ့သည့် လုံခြံုရေးတပ်ဖွဲ့ဝင် ၂၆ ဦးအား ဘင်္ဂလားဒေ့ရှ် တရားရုံးက သေဒဏ်ချမှတ်

ပြန်ပေးဆွဲ လူသတ်ခဲ့သည့် လုံခြံုရေးတပ်ဖွဲ့ဝင် ၂၆ ဦးအား ဘင်္ဂလားဒေ့ရှ် တရားရုံးက သေဒဏ်ချမှတ်

ဇန်နဝါရီ ၁၆ ။                ။ ဘင်္ဂလားဒေ့ရှ်တွင် အာဏာရပါတီ Awami League မှ နိုင်ငံရေးသမားတစ်ဦးက ပြိုင်ဘက်နိုင်ငံရေးသမားများကို လုပ်ကြံရန် လုံခြုံရေးတပ်စိတ်တစ်ခုကို ငှားရမ်းခိုင်းစေခဲ့သည့် အမှုကို တရားရုံးက ကြားနာစစ်ဆေးခဲ့ပြီး ယခုအခါ ပြစ်မှုကျူးလွန်သူ ၂၆ ဦး အား သေဒဏ်ချမှတ်လိုက်ပြီဖြစ်သည်။

နိုင်ငံတစ်ဝှမ်းကို တုန်လှုပ်စေခဲ့သည့် ယင်းအမှု စုံစမ်းစစ်ဆေးပြီးနောက် လူခုနစ်ဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခံသည့် အမှုတွင် ပါဝင်ပတ်သက်ခဲ့သူ ၃၅  ဦးစလုံး အပြစ်ရှိကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိ ခဲ့သည်။

၂၀၁၄ ခုနှစ် ဧပြီလက Narayanganj မြို့တွင် လူခုနစ်ဦး သတ်ဖြတ်ခံခဲ့ရသည့် အမှုကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

 ယခုကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ စွဲချက်တင် စစ်ဆေးခံရခြင်းမှာ နိုင်ငံတွင် ကြုံတောင့်ကြုံခဲဖြစ်ခဲ့ပြီး ၎င်းလုံခြုံရေးတပ်ဖွဲ့ဝင်များမှာ မကြာခဏဆိုသလို ထိုကဲ့သို့ ဥပဒေမဲ့ သတ်ဖြတ်မှုများ ကျူးလွန်လေ့ ရှိကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောသည်။

နိုင်ငံရေးပြိုင်ဘက်များကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်တွင် ခိုင်းစေသည့် အတိုင်းကျူးလွန်ခဲ့သည့် ၂၆ ဦးအား  တရားရုံးက သေဒဏ်ချမှတ်ခဲ့ပြီး ကျန် ကိုးဦးအား ထောင်ဒဏ်များအသီးသီး ချမှတ်လိုက်သည်။

ယင်းအချိန်ကNarayanganj ရှိ ဒေသခံ ကောင်စီဝင် တစ်ဦးဖြစ်သည့် Nur Hossain မှာ ၎င်း၏ နိုင်ငံရေး ပြိုင်ဘက်များကို သတ်ဖြတ်ရန် အစိုးရလုံခြုံရေးတပ်ဖွဲ့ RAB အဖွဲ့သားများကို ငှားရမ်း ခိုင်းစေခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags