စစ်မှန်တဲ့ အသွင်ကူးပြောင်းရေးတစ်ခုရဲ့ တက်ကြွတဲ့ ကြိုးပမ်းမှုများ

စစ်မှန်တဲ့ အသွင်ကူးပြောင်းရေးတစ်ခုရဲ့ တက်ကြွတဲ့ ကြိုးပမ်းမှုများ
YBS ယာဉ်များအား ဇန်နဝါရီ ၁၆ ရက်နေ့နံနက်က စတင်ပြေးဆွဲရာ ပထမဆုံးနေ့ဖြစ်သောကြောင့် အများပြည်သူ သွားလာရေး အခက်အခဲအနည်းငယ်ကြုံတွေ့နေရသည်ကို စေတနာဝန်ထမ်းများမှ လိုက်လံ ကူညီပေးနေစဉ်။  ဓါတ်ပုံ နေသူရိန်လင်း

အရေးကိစ္စ များစွာအနက်က နိုင်ငံ့အရေးကိစ္စတွေဟာ များမြောင်လှတဲ့အပြင် ရှုပ်ထွေးနေလေ့လည်း ရှိပါတယ်။ တကယ်တော့ နိုင်ငံရေးဆိုတာ ရှုပ်ထွေးမှုကို ဖြေရတဲ့အလုပ်တစ်ခုလို့ ယူဆလျင်လည်း ရပါတယ်။ အထုံးဖြေရတဲ့အလုပ် နောက်ထပ် အထုံးသစ်တစ်ခုနဲ့ အစားထိုးရတဲ့အလုပ်တစ်ခုသာဖြစ်တယ်လို့လည်း နိုင်ငံရေးဗေဒသမားများက အမှတ်သညာပေးတတ်ကြပါသေးတယ်။

အခု မိမိတို့နိုင်ငံရဲ့ လူဦးရေအများဆုံး ကိစ္စဝိစ္စအားလုံးရဲ့ အချက်အချာနေရာကြီးလို့ တင်စားပြောဆိုလို့ရတဲ့ ရန်ကုန်မြို့ကြီးမှာ ယခင် မော်တော်ယာဉ်များ ထိန်းချုပ်ရေးစနစ်ဟောင်းနဲ့ ဆက်သွယ်ဖြန့်ကျက်ပြေးဆွဲရေး စနစ်ဟောင်းကို ချုပ်ငြိမ်းစေပြီး မော်တော်ယာဉ်ထိန်းချုပ်ရေး စနစ်သစ်နဲ့ ဆက်သွယ်ပြေးဆွဲ ဖြန့်ကျက်မှုစနစ် အသစ်နဲ့ အစားထိုးပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။ အဟောင်းတစ်ခုကိုချုပ်ငြိမ်းစေပြီး အသစ်တစ်ခုကို ကူးပြောင်းတဲ့အခါ ထုံးစံအတိုင်း အထစ်အငေါ့များ၊ အသားမကျမှုများ၊ ပွတ်တိုက်မှုများကို မလွဲမသွေ ကြုံကြရမှာပဲဖြစ်ပါတယ်။

တမြို့လုံးခြုံပြီးကြည့်မယ်ဆိုရင်တော့ ဘတ်စ်ကားလိုင်းသစ်တွေဟာ ရန်ကုန် လူစည်ကားရာ အသွားအလာများရာ နေရာ ဥပမာ လမ်း၂၀ လောက်ကစပြီး လမ်း ၅၀ လောက်အထိ ယခင်လို စုပြုံတိုးခွေ့နေတဲ့ ယာဉ်လမ်းကြောင်း မဟုတ်တော့ဘဲ အဲဒီနေရာတွေကို ဘေးကပါတ်ဝိုက်ပြီး ဖြန့်ကျက်ထားတဲ့ ယာဉ်လိုင်းများဖြစ်နေဖွယ်ရှိတယ်လို့လည်း ခန့်မှန်းရပါတယ်။ ဒါကြောင့်မို့လည်း မြို့လည်ခေါင်တွေမှာ ဘတ်စ်ကားတွေ ပြည့်ကြပ်ပိတ်မိမနေဘဲ သိသိသာ ယာဉ်လမ်းကြောများ ရှင်းလင်းနေတာ သတိပြုမိကြပါတယ်။

ဒါပေမယ့်လည်း ယာဉ်လမ်းကြောအသစ်တွေ၊ ယာဉ်နံပါတ်အသစ်တွေနဲ့ နေ့ချင်းညချင်း ပြောင်းလဲရတာဖြစ်လို့ အဓိကအားဖြင့် မြို့နေလူထုဟာ ကိုယ်လိုရာခရီးကို ဘယ်ကားနဲ့ ဘယ်လိုသွားရမယ်ဆိုတာ သေချာတိကျ မသိနိုင်လောက်အောင် ဖြစ်ကြရပါတယ်။ လမ်းညွန်မြေပုံစာရွက်တွေက စနစ်စပြောင်းတဲ့နေ့ကြမှ ဖြန့်ဝေတာ၊ ရှေ့မှာ အချိန်ယူပြီး ပညာပေးရှင်းလင်းပြတာမျိုးတွေ မလုပ်နိုင်ခဲ့လို့လည်း သာမာန်ပြည်သူတွေဟာ အတော့ကို ကသီလင်တနိုင်ခဲ့ကြရပါတယ်။ ဒီလို မရှင်းမလင်းဖြစ်ရတဲ့ပြဿနာဟာ လူများစု လက်လုပ်လက်စား သာမာန်လူထုကို တိုက်ရိုက်ထိခိုက်ပါတယ်။ သေချာတာကတော့ တပါတ်တန်သည် နှစ်ပါတ်တန်သည်ကတော့ ဒီလိုပဲနေ့စဉ် မှန်ကန်တိကျမြန်ဆန်စွာ ယာဉ်များ လိုက်လံစီးနင်းနိုင်ကြဖို့ဆိုတာ မလွယ်လှပါဘူး။

ဥပမာတစ်ခုပြောရရင် ရွှေပြည်သာလူထု ရန်ကုန်မြို့ထဲသွားဖို့ အဓိကအားထားရတဲ့ ထန်းခြောက်ပင်ကားမှတ်တိုင်မှာ ထိုးဆိုက်တဲ့ နံပါတ် ၁၈၈ ရွှေအင်း၀ ကားလိုင်းဟာ မနက် ရှစ်နာရီလောက်အထိ ရောက်မလာခဲ့ပါဘူး။ ဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းအတိအကျကိုလည်း ကားဆိပ်ကြမှာ သူပြောလူပြောနဲ့ သိကြရပါတယ်။ အဲဒီကားလိုင်းဟာ အပြီး လိုင်းကြောတစ်ခုလုံး ဖျက်သိမ်းတာလား ဒါမှမဟုတ် ကားလိုင်းကို အမည်ပြောင်းပြီး ပြေးဆွဲတာလားဆိုတာကိုလည်း ဘယ်သူမှ မသဲကွဲဘူးဖြစ်ကြရပါတယ်။ ဒီနေရာမှာ ကားလိုင်းအသစ် ၄၈ ကို အစားထိုးလိုက်ပြီဆိုတဲ့ သတင်းကိုတော့ ဟိုတစသည်တစ ကြားကြရပါတယ်။  ဒါလည်း တိတိကျကျ သိရတဲ့အနေအထား မဟုတ်သေးပါဘူး။ ဒီတော့ကာ လူတချို့က ထန်းခြောက်ပင်ကားဂိတ်ကနေပြီး ရွှေပြည်သာဘူတာကို ပြေးကြပါတယ်။ ရွှေပြည်သာဘူတာကနေ ရန်ကုန်ဘူတာကြီးဆီဆိုက်တဲ့ ရထားကို စီးကြရပါတယ်။ ဒါကြောင့်မို့ အဆင့်ဆင့်စီးကြ သွားကြရ အချိန်ယူကြရ လေ့လာမေးမြန်းကြရနဲ့ တမနက်ခင်းအချိန်ကုန်သွားလို့ တနေ့လုပ်မှ တနေ့စားကြရတဲ့ သာမန်လူတန်းစားကတော့ အခက်တွေ့ကြရတော့တာ အသေအချာပါပဲ။ ဒါကတော့ ဒီကနေ့ ကြုံရတဲ့ ရန်ကုန်မြို့နေလူထု အခက်အခဲတချို့ဖြစ်ပါတယ်။

ဒီကနေ့တွေ့ကြရတဲ့ အခက်အခဲတွေကြားထဲမှာပဲ ဂုဏ်ယူအားတက်စရာ မြင်ကွင်းတွေကိုလည်း တွေ့ကြရပါတယ်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ မဟာရန်ကုန် ယာဉ်လမ်းကြောင်းပြေးဆွဲမှု စနစ်သစ် အောင်မြင်စေရေးအတွက် အဖွဲ့အစည်းအတော်များများနဲ့ စေတနာ့ဝန်ထမ်းလူငယ်တွေဟာ စိတ်အားထက်သန်စွာ လုပ်အားပေး ဝင်ရောက်ဖြေရှင်းဆောင်ရွက်ပေးကြတဲ့ မြင်ကွင်းကတော့ တကယ့်ကို အားတက်ဂုဏ်ယူစရာပါပဲ။ ဒီမြင်ကွင်းက တချိန်တုန်းကလို အဓမ္မခိုင်းစေလို့ ဒါမှမဟုတ် အမိန့်အာဏာနဲ့ ခိုင်းစေစေလို့ လုပ်ကြရတဲ့ အနေအထားမျိုးမဟုတ်ဘဲ ဒါဟာဖြင့် အစိုးရနဲ့ ပြည်သူ ပေါင်းစည်းမှသာ အောင်မြင်မှာဖြစ်တယ်၊ ပြည်သူတစ်ယောက်အနေနဲ့ မဖြစ်မနေ ဝန်းရံပေးရမယ့်ကိစ္စဖြစ်တယ်ဆိုတဲ့ မွန်မြတ်တဲ့အသိနဲ့ ဝင်ရောက်ကူညီကြတဲ့မြင်ကွင်းဆိုတာ လုပ်အားပေးသူတိုင်းရဲ့ မျက်နှာတွေ၊ ပြောဆိုလှုပ်ရှားမှုတွေကိုကြည့်ရင် အထင်သားတွေ့ကြရပါတယ်။ ဒါကတော့ ဒီကနေ့ ရန်ကုန်မြို့ကြီးမှာတွေ့ရတဲ့ အပြောင်းအလဲတစ်ခုရဲ့ အားတက်ဖွယ်မြင်ကွင်းဖြစ်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ကြီးထဲက မော်တော်ယဉ်ပြေးဆွဲမှုစနစ်သစ်ရဲ့ အဓိက ရည်ရွယ်ကလည်း ရှင်းပါတယ်။ နှစ်ပေါင်းများစွာ လူတစ်စုလက်ဝါးကြီးအုပ်ထားခဲ့တဲ့ လူထုဆက်သွယ်ရေး စနစ်ဟောင်းကြီး တစ်ခုကို လူထုအကျိုးစီးပွား၊ နိုင်ငံတော် အကျိုးစီးပွားဘက် ဦးတည်သွားအောင်ဆောင်ရွက်တဲ့ ကြိုးပမ်းမှုကြီးတစ်ခုဖြစ်တာမို့ အချိန်အကန့်အသတ်တစ်ခုအတွင်းမှာ  အောင်မြင်သွားမယ့် စနစ်သစ်တစ်ခုလည်းဖြစ်ပါတယ်။ မည်သူမဆို မလွဲမသွေ သီးခံစိတ်၊ ကူညီဝိုင်းဝန်းဖြေရှင်းရမယ်ဆိုတဲ့ စိတ်နဲ့သာ ကြိုဆိုထောက်ခံကြရမှာပဲဖြစ်ပါတယ်။

ရန်ကုန်မြို့ကြီးရဲ့ ဒီကနေ့မြင်ကွင်းသစ်တွေ၊ အသံအသစ်တွေ၊ အစီအမံအသစ်တွေနဲ့ လူသစ်စိတ်သစ်တွေရဲ့ စိတ်ထက်သန်မှုရလဒ်အသစ်ကို မကြာမီမြင်ကြရမှာဖြစ်ပြီး လူထုကြီးအနေနဲ့ကလည်း ဝိုင်းဝန်းကူညီခြင်း၊ ယာယီအခက်အခဲများအပေါ် နားလည်မှုရှိစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိတို့ရဲ့အကျိုး၊ မြို့တော်ကြီးရဲ့အကျိုးနဲ့ နိုင်ငံတော်အကျိုးဖြစ်တာမို့ လူတိုင်း ကူညီဝိုင်းဝန်းရံဆောင်ရွက်ကြလိမ့်မယ်လို့ မဇ္ဈိမက ယုံကြည်ကြောင်း တင်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly