ဂျပန်၏ ကာကွယ်ရေးသုံးသပ်မှု အစီအရင်ခံစာသည် လိမ်ညာမှုများဖြစ်၍ ဆက်ဆံရေးကို ထိခိုက်စေသည်ဟု တရုတ်ပြောကြား

ဂျပန်၏ ကာကွယ်ရေးသုံးသပ်မှု အစီအရင်ခံစာသည် လိမ်ညာမှုများဖြစ်၍ ဆက်ဆံရေးကို ထိခိုက်စေသည်ဟု တရုတ်ပြောကြား

ပေကျင်း၊ ဇူလိုင် ၂၂ ။      ။ အရှေ့တရုတ်ပင်လယ်ရှိ အငြင်းပွားရေပြင်အနီး ရေနံနှင့် သဘာဝဓါတ်ငွေ့ ရှာဖွေနေခြင်းအား ရပ်တန့်ရန် တရုတ်ကိုတောင်းဆိုသော ကာကွယ်ရေးဆိုင်ရာ သုံးသပ်အစီရင်ခံစာတစ်စောင်ထုတ်ပြန်ပြီးနောက် တရုတ်က လည်းလိုအပ်သောတုံ့ပြန်မှုလုပ်ရန် အခွင့်အရေးရှိသည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်လိုက်သည်။

တရုတ်၏ ရှာဖွေတူးဖော်မှုများသည် ဂျပန်ပိုင်နက်ထဲအထိ ရောက်ရှိလာမည်ကို ဂျပန်က စိုးရိမ်ကြောင်း ဇူလိုင် ၂၁က ထုတ်ပြန် ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုကဲ့သို့အပြုအမူများက ဂျပန်၏ နိုင်ငံခြားရေးပေါ်လစီတွင် မျက်နှာနှစ်ဖက်ရှိနေသည့် သဘာဝဖြစ်ပြီး အာရှပစိဖိတ်ဒေသ၏ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိခိုက်နိုင်သည့် အန္တရာယ်ရှိသည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီး ဋ္ဌာနကဇူလိုင် ၂၁ ရက်နောက် ပိုင်းက ထုတ်ပြန်ခဲ့သည်။

ဂျပန်၏ ကာကွယ်ရေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာ အပြည့်အဝထုတ်ပြန်ချိန် တွင်နောက်ထပ်လေ့လာ အကဲဖြတ်မှုများပြုလုပ် သွားမည်ဖြစ်ကာ အခြေအနေပေါ်မူတည်၍ လိုအပ်သည့် တုံ့ပြန်မှုများပြုလုပ်သွား မည်ဟုလည်း တရုတ်ကာကွယ်ရေးဝန်ကြီး ဋ္ဌာနက ပြောကြားသည်။

ဂျပန်၏ နှစ်ပတ်လည်အစီရင်ခံစာသည် လိမ်ညာမှုများ၊ မလိုမုန်းထားမှုများပါဝင်နေသည်ဟု ပေကျင်းက ဖော်ပြသည်။ ထို့အပြင် တရုတ်၏ စစ်ရေးခြိမ်းခြောက်မှုဆိုသည့် အသုံးအနှုန်းကို ချဲ့ကားလွန်းပြီး နှစ်နိုင်ငံကြား တင်းမာမှုဖြစ်စေသည်ဟု တရုတ်ကပြော သည်။

ဂျပန်၏ အစီရင်ခံစာက အရှေ့တရုတ်ပင်လယ်၊ တောင်တရုတ်ပင်လယ်၊ အင်တာနက်လုံခြုံရေးနှင့် စစ်ရေးပွင့်လင်းမြင်သာရှိမှု တို့နှင့် ပတ်သက်သည့်ပြသနာများကို မလိုမုန်းထားစွာဖြင့် ပုံကြီးချဲ့ထားသည်ဟု တရုတ်ကဆိုသည်။

ထို့အပြင် တရုတ်၏ စစ်ရေးခြိမ်းခြောက်မှုဆိုသည်မှာလည်း နာမည်ဖျက်ခြင်းသာဖြစ်သည်ဟု တရုတ်က ပြောသည်။ တရုတ်၏ ပင်လယ်ရေကြောင်းဆိုင်ရာအပြုအမူများမှာ နိုင်ငံတကာဥပဒေနှင့်အညီပြုလုပ်သည်ကို ဂျပန်၏အစီရင်ခံစာက လစ်လျူရှုသည်ဟု လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာ ပြောခွင့်ရသူ လူကန်းက ပြောကြားခဲ့သည်။

"တျောက်ယုကျွန်း(ဂျပန်က ဆင်ကာကူဟုခေါ်) တွေဟာ ရှေးပဝေသဏီကတည်းက တရုတ်ပိုင်ပါ။ တရုတ်ဟာ သူ့ရဲ့နယ်မြေ အချုပ်အခြာအာဏာပိုင်မှုကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေ ဆက်လက်ပြုလုပ် သွားမှာဖြစ်ပါ တယ်။ ဂျပန်အနေနဲ့ မှားယွင်းတဲ့ ယုံကြည်ချက်အယူဆတွေကို ဆုပ်ကိုင်မထားသင့်ပါဘူး"ဟုလည်း ၎င်းကပြောသည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်က ပိုင်နက်မြေယာဖော်ယူခြင်းစီမံကိန်းများက ဒေသတွင်းလုံခြုံရေးအတွက် ခြိမ်းခြောက်မှု တစ်ခုဖြစ်ကြောင်း ဂျပန်နှင့် အခြားနိုင်ငံများက ဝေဖန်လျက်ရှိပြီး တောင်တရုတ်ပင်လယ်အရေးကိုလည်း ဂျပန်၏ အစီရင်ခံစာက သုံးသပ်ခဲ့သည်။

တောင်တရုတ်ပင်လယ်ကိစ္စတွင် ဂျပန်သည် မပါတ်သက်သဖြင့် ပုံပြောခြင်းများ၊ ရန်တိုက်ပေးခြင်းများ မပြုလုပ်သင့်ဟုလည်း တရုတ်ကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly