ကားလမ်းကြောင်းနည်းပါး၍ မင်္ဂလာဒုံ ဝါယာလက်မှတ်တိုင်တွင် ခရီးသည်များ စုပြံု

ကားလမ်းကြောင်းနည်းပါး၍ မင်္ဂလာဒုံ ဝါယာလက်မှတ်တိုင်တွင် ခရီးသည်များ စုပြံု

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ။            ။ ရန်ကုန်မြို့တွင်း အများပိုင်ဘတ်စ်ကားများ စတင်ပြေးဆွဲသည့်နေ့ ယနေ့ (ဇန်နဝါရီ ၁၆ ရက်)တွင်  မင်္ဂလာဒုံမှ ပြည်လမ်းသွားကားလမ်းကြောင်းနည်းပါးသဖြင့်  မင်္ဂလာဒုံမြို့နယ်၊ ဝါယာလက်မှတ်တိုင်၌ ခရီးသည်များ စုပြုံခဲ့သည်ကို ယနေ့မနက်က တွေ့မြင်ရသည်။

"အဆင်မပြေဘူး၊ နေ့တိုင်းသာ ဒီလိုချည်းပဲဆိုရင် ဘယ်လိုမှ ဖြစ်နိုင်မှာမဟုတ်ဘူး။ အခုစောင့်နေတာ နာရီဝက်လောက်ရှိပြီ ။ ကားပေါ်ကို တက်မရဘူးဖြစ်နေတာ" ဟု ဝါယာလက်မှတ်တိုင်တွင် ကားစောင့်နေသူ ခရီးသည် မသင်းနုရွှေက ပြောသည်။

အဆိုပါ ဝါယာလက်မှတ်တိုင်ကို ဖြတ်သန်းပြီး ပြေးဆွဲသည့် ယာဉ်လိုင်းမှာ ယာဉ်လိုင်းနံပါတ် (၃၇)၊  ပြည်လမ်းကြောင်း တစ်ခုသာ ရှိပြီး အဆိုပါလမ်းကြောကို ထောက်ကြန့် ၊ မှော်ဘီ ၊ လှည်းကူး မြို့နယ်များက အဓိကထား စီးနင်းခြင်းဖြစ်ကာ  ဝါယာလက်မှတ်တိုင်အရောက်တွင် လူအများပြည့်ကြပ်နေပြီး မှတ်တိုင်တွင် ခရီးသည်များ စုပြုံနေခြင်းဖြစ်သည်။

"မနက်ပိုင်းပဲ၊ ၆ နာရီလောက်ကနေစပြီး လူတွေများလာတာ၊ အလုပ်သွားမယ့်အချိန်ထိပဲ ကားလိုင်းက တစ်လိုင်းတည်းဆိုတော့လေ" ဟု ဝါယာလက်မှတ်တိုင်အနီးရှိကွမ်းယာဆိုင်ပိုင်ရှင် ကိုထွန်းဝင်းက သူ့မျက်မြင်အခြေအနေကို ပြောသည်။

အဆိုပါမှတ်တိုင်တွင် မနက် ၈ နာရီခန့်မှ စတင်ကာ ခရီးသည် ၇၀ ဝန်းကျင်ခန့်အထိ စောင့်ဆိုင်းနေခဲ့ကြပြီး မနက် ၁၀ ခန့်အထိ ခရီးသည်များ စောင့်ဆိုင်းနေဆဲဖြစ်ကာ ကားများအတွင်း ခရီးသည်များနှင့် ပြည့်ကြပ်မြဲ ဖြစ်နေကြောင်း တေ့ွရသည်။

မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ(မထသ)ကို ယမန့်နေ့က စတင်ပြီး ဖျက်သိမ်းခဲ့ကာ အများပိုင်စနစ်ဖြင့် စတင်ပြေးဆွဲမည့် Yangon Bus Service(YBS) ကို ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့တွင် စတင်ပြေးဆွဲခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly