ငွေပေးချေမှုလွယ်ကူစေရန် မော်တော်ယာဉ်စီးခနူန်း ကျပ်၂၀၀ ကျပ် သတ်မှတ်လိုက်ပြီ

ငွေပေးချေမှုလွယ်ကူစေရန် မော်တော်ယာဉ်စီးခနူန်း ကျပ်၂၀၀ ကျပ် သတ်မှတ်လိုက်ပြီ
ဓာတ်ပုံ-သူရ

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ။             ။ ရန်ကုန်တိုင်းအစိုးရမှ စီစဉ်သည့် အများပိုင်ယာဉ်ယာဉ်စနစ်သစ်စတင်ရာတွင် ငွေပေးချေမှု လွယ်ကူစေရန် ယာဉ်စီးခနူန်းထားကို ဘယ်စီးစီး ၂၀၀ ကျပ်သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင်က မဇ္ဈိမသို့ အတည်ပြုပြောသည်။

“ ၂၀၀ ဖြစ်သွားပြီ။ အားလုံးပဲ ၂၀၀နဲ့ပဲ ။ လောလောဆယ်တော့ ၃၀၀ မရှိသေးဘူး ။ ဒါပေမယ့် ကြည့်ဦးမယ် ။ လိုင်းကို ဆန်းစစ်ကြည့်ဦးမယ်ပေါ့နော် ။ ဒီကနေပြန်သုံးသပ်မှာ ပထမဆင့်ကတော့ နည်းနည်းလေးငွေပေးရလွယ်အောင်လို့ ဘယ်စီးစီး ၂၀၀ ပဲ။ အခုကတော့ ၁၀၀ တွေ မရှိတော့ဘူး။ လောလောဆယ်ကတော့ ” ဟု ဒေါက်တာမောင်အောင်က  ယနေ့ညနေတွင် မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူများ ယနေ့ ဇန်နဝါရီ ၁၅ ရက်တွင် အစည်းအဝေးကျင်းပနေပြီး  ယခုလိုပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်သည်။  ယခင်က ကျပ် ၃၀၀ ကောက်ခံမည်ဟု သတ်မှတ်ထားပြီး ယခု ယာဉ်လိုင်း ၆၁ လိုင်းလုံး ကျပ် ၂၀၀ သာ တစ်ပြေးညီကောက်ခံသွားမည်ဖြစ်သည်။

ဇန်နဝါရီ ၁၆ရက်မှာ စတင်ပြေးဆွဲမယည့် ယာဉ်လိုင်းများအတွက် ယာဉ်စီးခနှုန်းထားများကို ခရီးစဉ်ပေါ် မူတည်ပြီး ကျပ် ၁၀၀ ကနေ ကျပ် ၃၀၀အထိ ရှိနိုင်ပြီး အချို့ယာဉ်လိုင်းတွေအနေနဲ့ ပုံသေနှုန်းထားရှိနိုင်တယ်လို့လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ ၁၄ရက်က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားသည်။

ရန်ကုန်မြို့တွင်း လက်ရှိပြေးဆွဲနေသော ယာဉ်လိုင်းပေါင်း ၃၀၀ကျော်ကို ပေါင်းကာ အများပိုင်ကုမ္ပဏီဖွဲ့စည်းပြီး ဇန်နဝါရီလ ၁၆ ရက်တွင် လမ်းကြောင်းသစ်များသုံးကာ ယာဉ်လိုင်း ၆၀ဖြင့် စတင်ပြေးဆွဲတော့မည်ဖြစ်ကာ ရန်ကုန်မြို့တွင်း နေ့စဉ်ခရီးသွားဦးရေ ၂ သိန်းခွဲကျော်ရှိသည်။ စတင်ပြေးဆွဲချိန်တွင်မော်တော်ယာဉ်ဟောင်းများနှင့်သာ ပြေးဆွဲနိုင်မည်ဖြစ်ပြီး နောက် ၃ လ နေမှသာ ကားအသစ်များကို ထည့်သွင်းအသုံးပြုသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly