BRT Liteမှ YBS ၃၇ အဖြစ် လမ်းကြောင်းပြောင်းလဲ ကျပ် ၂၀၀ သာ ကောက်ခံမည်

BRT Liteမှ YBS ၃၇ အဖြစ် လမ်းကြောင်းပြောင်းလဲ ကျပ် ၂၀၀ သာ ကောက်ခံမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ။           ။ BRT Lite လက်ရှိလမ်းကြောင်းအားလုံး ဖျက်သိမ်းပြီး YBS ၃၇ အဖြစ် လမ်းကြောင်းပြောင်းလဲပြေးဆွဲသွား မည်ဖြစ်ပြီး ယာဉ်စီးခနှုန်းထားမှာ ၂၀၀ ကျပ်သို့   ပြောင်းလဲလိုက်ကြောင်း သိရသည်။

လက်ရှိ BRT Lite ၏ ယာဉ်စီးခမှာ  ယခင် ကျပ် ၃၀၀ ဖြစ်ပြီး YBS  ၃၇ သို့ပြောင်းလဲပြီး စတင်ပြေးဆွဲမည့် နေ့တွင် ကျပ် ၂၀၀ သို့ ပြောင်းလဲလိုက်သည်ဟု ဒေါက်တာမောင်အောင် (ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး)က မဇ္ဈိမသို့ ပြောသည်။

ယာဉ်တစ်စီးနှင့်တစ်စီးကြား အကွာအဝေးကို ၃ မိနစ်ခြား စေလွှတ်မည်ဖြစ်ပြီး ပြောင်းလဲလိုက်သည့် လမ်းကြောင်းသစ်မှာ ထောက်ကြန့်ဂိတ်ရင်း(ဂိတ်ဟောင်းမှတ်တိုင်)မှ ဘုရားလေးကွေ့၊ ထောက်ကြန့်လမ်းဆုံ၊ ပုပ္ပားလမ်းသစ်၊ ကျောင်းရှေ့၊ နွယ်ခွေ၊ ရေစင်၊ ခြံပေါက်၊ ဘုရားလေးကုန်းထိပ်၊ ရဲဘော်ဟောင်း၊ ရှမ်းစု၊ ဘိုခြံ၊ တစ်နံပါတ်၊ ရေကြည်အိုင်၊ ဝါယာလက်၊ ကျိုက္ကလော့၊ ဆပ်ပလိုင်း၊ နိုင်ငံရေး၊ မင်္ဂလာဒုံဈေး၊ ခရေပင်လမ်းခွဲ၊ စာတိုက်၊ ဆေးကျောင်း၊ ဘီအိုစီ၊ ပန်းခြံကုန်း၊ ထန်းပင်ကုန်း၊ စော်ဘွားကြီးကုန်း၊ ကျောက်တော်ကြီး၊ ဆယ်မိုင်ကုန်း၊ ကိုးမိုင်ခွဲ၊ ကိုးမိုင်၊ အေဝမ်း၊ မဟာစည်၊ ရှစ်မိုင်၊ ခုနစ်မိုင်၊ အေဒီ၊ ကျောင်းကွေ့၊ ခြောက်မိုင်ခွဲ၊ တံတားဖြူ၊ မာလာဆောင်၊ စိုက်ပျိုးရေး၊ ဟံသာဝတီအဝိုင်း၊ မဟာမြိုင်၊ မြေနီကုန်း၊ ဟယ်လ်ပင်၊ ပဲခူးကလပ်၊ စိန့်ဂျွန်း၊ စံပြ၊ မော်တင် အထိ ဖြစ်သည်။

“ အသစ်ဆွဲမယ့် လမ်းကြောင်းက ထောက်ကြန့် - ဝိုင်ယာလက် - စော်ဘွားကြီး ကုန်း - ရှစ်မိုင် - လှည်းတန်း - မြေနီကုန်း - စံပြ - မော် တင် ဂိတ်ရင်းကကြတော့ လက်ရှိဂိတ်ရင်းကနေ ထောက်ကြံဂိတ်ဟောင်းကနေ ပြီးတော့ ဂိတ်ဖျားကက မော်တင် ” ဟု YBS Hotline 1881 မှ အော်ပရေတာတစ်ဦးက YBS ၃၇ လမ်းကြောင်း ကို ပြောသည်။

ရန်ကုန်တိုင်းအစိုးရမှ ပြုလုပ်သည့် ယာဉ်စနစ်သစ်စတင်ပြောင်းလဲပြေးဆွဲမည့် ပထမနေ့မှစတင်ပြီး  အမှတ် ၁ (ပြည်လမ်း)၊ အမှတ် ၂ (ကမ္တာအေး)၊ အမှတ် ၃ (မြောက်ဥက္ကလာ-အင်းစိန်)လမ်းကြောင်းများကို ဖျက်သိမ်းပြီး ထောက်ကြန့်မှ မော်တင်အထိ ဖြစ်သည်။

YBS ၃၇ အနေဖြင့် ယာဉ်လမ်းကြောင်းရှိရာ YBS မှတ်တိုင်များတွင် ရပ်နားသွားမည်ဖြစ်ပြီး ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သောကုမ္ပဏီ (YBPC) မှ ကားအစီးရေ စုစုပေါင်း ၈၅ စီးဖြင့် ဆက်လက်ပြေးဆွဲမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags