နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပ့ံသွားမည်ဟု သမ္မတ ပြောကြား

နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပ့ံသွားမည်ဟု သမ္မတ ပြောကြား

လဟယ်၊ ဇန်နဝါရီ ၁၅ ။            ။ နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေး၊ ပညာရေး တို့ကို ကူညီထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ယနေ့ လဟယ်မြို့တွင် ကျင်းပနေသည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် ကတိပေးပြောကြားသည်။

"အကြောင်းကြောင်းကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေတာတွေရှိပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ ဒီအပိုင်းကို ကျွန်တော်တို့အစိုးရတာဝန်ယူနေတဲ့အချိန်မှာ နာဂတိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ   နေထိုင်ကြတဲ့တိုးတက်ရေးအတွက် ဒီဒေသရဲ့ တိုးတက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး အစစအရာရာ တိုင်းရင်းသားညီအစ်ကိုမောင်နှမအရေးကို တတ်နိုင်သမျှ   ဆောင်ရွက်ပေးသွားပါမယ်"ဟု ပြောသည်။

ဆက်လက်၍ သမ္မတ ဦးထင်ကျော်က "ကျွန်တော်တို့အစိုးရအဖွဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး မကြာခင်ရောက်ရှိမယ်ဆိုတဲ့ အတိတ်နိမိတ်လို့ပဲ ယူဆချင်ပါတယ်။ ကျွန်တော်တို့အားလုံး ဒီမြန်မာနိုင်ငံမှာနေတဲ့ အနှံ့အပြားမှာနေတဲ့ တိုင်းရင်းသားညီကိုမောင်နှမအားလုံး အေးအေးချမ်းချမ်းပျော်ပျာ်ရွှင်ရွှင် ဒီနေ့တွေ့ရသလို တွေ့ရဖို့ကာလက မဝေးတော့ဘူးလို့ အတိတ်နိမိတ် ယူချင်ပါတယ်။ ဖြစ်လာမယ်လို့လည်း ယုံကြည်ပါတယ် "ဟု ပြောသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှ နာဂဒေသဖွံ့ဖြိုးရေးအတွက် အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly