လူ ၄၀ သေဆုံးသည့် ရေဘေးကြံုနေသော ထိုင်းတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာနိုင်ဟု မိုးလေဝသထုတ်ပြန်

လူ ၄၀ သေဆုံးသည့် ရေဘေးကြံုနေသော ထိုင်းတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာနိုင်ဟု မိုးလေဝသထုတ်ပြန်

ထိုင်းနိုင်ငံ၌ တောင်ပိုင်းပြည်နယ် ၁၂ ပြည်နယ်တွင် ဇန်နဝါရီ ၁ ရက်မှစပြီး ရေကြီးမှုများ ဖြစ်၍ လူ ၄၀ သေဆုံးခဲ့ရပြီဖြစ်ချိန် လာမည့် ဇန်နဝါရီ ၁၆ ရက်ကစကာ မိုးများ ပိုမိုသည်းထန်လာနိုင်ခြေရှိကြောင်း မိုးလေဝသဌာနက ထုတ်ပြန်သည်။

ဇန်နဝါရီ ၁၆ ရက်မှ ၁၈ ရက်အထိ မိုးသည်းထန်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် ချမ်ဖွန်၊ ဆူရတ်ဌာနီ၊ နက်ခွန်စီသမ်မာရတ်၊ ပတ်သာလန်း၊ ဆွန်ခလာ၊ ပတ်တန်နီ၊ ယာလာနှင့် နာရာသီဝတ်ပြည်နယ်များတွင် မိုးပိုနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင်လည်း နက်ခွန်စီသမ်မာရတ်၊ ပတ်သာလန်း၊ ဆွန်ခလာ၊ ပတ်တန်နီ၊ ယာလာနှင့် နာရာသီဝတ်တို့တွင် မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။

“ဆိုးဝါးတဲ့ အခြေအနေနဲ့ ကြုံလာနိုင်တဲ့ ရေကြီးမှုတွေကို ပြည်သူတွေအနေနဲ့ သတိရှိနေရမှာဖြစ်တယ်။ ရေကြီးရာအရပ်တွေမှာ မြေပြိုမှုတွေ ဖြစ်ပွားမှာ ဂရုစိုက်ရမှာလည်းဖြစ်တယ်။ ပြည်သူတွေအနေနဲ့ မိုးလေဝသသတင်းတွေကို မပြတ်နားစွင့်ထားသင့်တယ်။”ဟု မိုးလေဝသဌာနက ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဇန်နဝါရီ ၁၄ ရက် ဖော်ပြသည်။

ရေကြီးမှုဘေးအတွင်း သေဆုံးမှုအများဆုံးမှာ နက်ခွန်စီသမ်မာရတ်ပြည်နယ်ဖြစ်ပြီး ဆယ့်တစ်ဦးအထိ သေဆုံးသည်။ ဥတုဖောက်ပြန်သည့် မိုးရွာသွန်းမှုနှင့် ဆိုးဝါးသည့် ရာသီတို့ကြောင့် တောင်ပိုင်းဒေသများတွင် လမ်းများ၊ ရထားလမ်းများ ပြတ်တောက်နေသည်။ ရေကြီးမှုကြောင့် ဇန်နဝါရီ ၆ ရက်မှ ၁၃ ရက်အထိ နက်ခွန်စီသမ်မာရတ်ပြန်နယ်ရှိ လေဆိပ်ကိုလည်း ပိတ်ထားရသည်။

ယခုရေကြီးမှုဘေးကို အိမ်ထောင်စုပေါင်း ၅၂၂၃၃၀ မှ ပြည်သူပေါင်း ၁ ဒဿမ ၆ သန်း ရင်ဆိုင်ကြုံတွေ့နေရကြောင်း သဘာဝဘေးတားဆီးကာကွယ်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲ ချတ်ချိုင်းပရွမ်လတ်က ဇန်နဝါရီ ၁၄ ရက်တွင် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly