ပိတ်ရက်မှာ ရာသီစာ ငါးရံ့ဒန့်သလွန်သီး သောက်ဆမ်း နဲ့ မရမ်းသီးထောင်းလေး ချက်စားမယ်

ပိတ်ရက်မှာ ရာသီစာ ငါးရံ့ဒန့်သလွန်သီး သောက်ဆမ်း နဲ့ မရမ်းသီးထောင်းလေး ချက်စားမယ်

မင်္ဂလာပါ…………….။

ဒီတပတ်တော့ ရာသီစာ ငါးရံ့ဒန့်သလွန်သီး သောက်ဆမ်း နဲ့ မရမ်းသီးထောင်းလေး ချက်စားကြရအောင်။ ဆောင်းရာသီ အေးအေးလေးမှာ ငါးရံ့ဆူဆူလေးတွေလည်း ပေါပေါများများ ရနိုင်သလို   ပေါ်ဦးပေါ်ဖျား ဒန့်သလွန်သီး နုနုလေးတွေ နဲ့ မရမ်းသီးနုနုလေးတွေကို ဈေးထဲမှာရနိုင်ပါတယ်။ အရသာကတော့ အထူးပြောစရာကို မလိုလှအောင် အထူးကောင်းမွန်တဲ့ ဟင်းမယ်လေးတွေပါ။ ရာသီစာ ဟင်းစားလေးတွေကို ပေါင်းစပ်ပြီး မိသားစုထမင်းဝိုင်းကို စိုပြေအောင် ဖန်တီးနိုင်ပါတယ်။

အခု ဟင်းချက်ဖို့လိုအပ်တာတွေပြောပြပါမယ်။

 လိုအပ်တာတွေကတော့

ငါးရံ့ ၃၅ကျပ်သားခန့် တစ်ကောင်

ဒန်သလွန်သီး  ၅တောင့်

ဆား အနည်းငယ်

အရောင်တင် အနည်းငယ်

ငံပြာရည် အနည်းငယ်

ဆီ အနည်းငယ်

ကိုင်းခရမ်းချဉ်သီး အနည်းငယ်နဲ့

ကြက်သွန်ဖြူနီ အနည်းငယ်တို့ပဲဖြစ်ပါတယ်။  

ဟင်းချက်ဖို့ အတွက် စတင်ပြင်ဆင်ပါမယ်။

ငါးကို  ကြေးခွံဖယ် ဗိုက်ခွဲ ရေဆေး သန့်စင်ပြီး အနေတော်တုံးပါ။ ဆားဆနွင်း နာနာနယ်ပါ။ ဒန်သလွန်သီးကို အပေါ်က အခွံစိမ်းကို ခြစ်ထုတ်ပြီး အနေတော်လှီးပါ။ ကြက်သွန်ဖြူနီ နဲ့ အရောင်တင်ကို   ထောင်းထားပါ။ ခရမ်းချဉ်သီးကို ခပ်သေးသေးလှီးထားပါ။

ကဲအားလုံးစုံပြီ ပြီးပြီဆို ဟင်းချက်ကြရအောင်။

ဒီနေ့ မီးပျက်လို့ မီးသွေးမီးနဲ့ပဲ ချက်ဖြစ်ပါတယ်။ စစချင်း ဆီကို ပူအောင်တည်ပါ။ ဆီကျက် ပြီဆိုရင်တော့ ကြက်သွန်ဖြူနီ အရောင်တင်ထောင်းထားတာကိုထည့်ပါ။ အကျက်ညီအောင် မွှေပေးပါ.။ ကြက်သွန်တွေ နွမ်းပြီး အရောင်ရဲလာရင် ခရမ်းချဉ်သီးထည့်ပါ ကျေအောင်မွှေပါ။

ခရမ်းချဉ်သီး ကျေပြီဆိုရင်တော့ အရသာအတွက် ငံပြာရည်ကို ထည့်ပါ။ နှံ့အောင်ပြန်မွှေပါ။ ပြီးရင်တော့ အရသာနယ် ထားတဲ့ ငါးရံ့ကို ထည့်ပါ။ အနှစ်နဲ့ ငါးသမအောင် လှိမ့်ပေးပါ။

ငါးထည့်ပြီး အနှစ်နဲ့ငါး ရောသမပြီး နှံ့သွားပြီဆိုရင် အညှီနံ့ပျောက်အောင်လို့ ၃မိနစ်လောက် အိုး အဖုံးကို အုပ်ထားပေးပါ။ ပြီးရင်တော့ ဒန်သလွန်သီးထည့်ပါ။ နဲနဲမွှေပေးပါ။ အရမ်းလဲ မမွှေရပါဘူး။ အမွှေများရင် ငါးတွေ အတုံး ပျက်ပြီး ပဲ့သွားတက်လို့ပါ။ ကဲ ပြီးရင်တော့ ရေကို အိုးတဝက်လောက်မြုပ်အောင်ထည့် အဖုံးအုပ်ပြီး တည်ထားပါ။

ဟင်းအိုးတည်ထားတာ ဆီလည်ရေလည်လေးဖြစ်ရင် ငါးရံ့ဒန်သလွန်သီးသောက်ဆမ်းဟင်းလေးရပါပြီ။

အခုငါးရံ့ဒန်သလွန်သီးသောက်ဆမ်းဟင်းနဲ့ တွဲစားဖို့ ရာသီစာ မရမ်းသီးထောင်းလေး အတွက် ပြင်ဆင်ကြရအောင်။

လိုအပ်တာတွေကတော့

မရမ်းသီး အနည်းငယ်(ထက်ခြမ်းခွဲ အစေထုတ်ထား)

စိမ်းစားငပိ အနည်းငယ်( မီးကင်ထား)

ပုဇွန်ကြော့အနည်းငယ် (အခွံဖယ်ပြီး မီးကင်ထား)

ငရုတ်သီးအနည်းငယ် (မီးကင်)

ကြက်သွန်ဖြူအနည်းငယ် ( မီးကင်)

ပုဇွန်ခြောက်အနည်းငယ် တိုပဲဖြစ်ပါတယ်။

အရင်ဆုံး ပုဇွန်ခြောက်ကို လေးစိတ်ကွဲထောင်းပါ။ ငရုတ်သီးကြက်သွန်ဖြူ ငပိ ထည့်ပါ။ ညက်အောင်ထောင်းပါ။ ညက်ပြီဆို ပုဇွန်ကင်ထားတာထည့်ပါ။ မရမ်းသီးထည့်ပါ။ အားလုံးညက်နေအောင်ထောင်းလိုက်ရင် ချဉ်ငံစပ် ရှူးရှူးရှဲ ရှဲ မရမ်းသီးငပိထောင်းလေးရပါပြီ။

ကဲ အခုဆို မရမ်းသီးထောင်းလည်း ရပြီ ငါးရံ့ဟင်းလဲ ရပြီဆိုတော့ ထမင်းမြိန်မြိန်စားလို့ ရပါပြီ။ ဒီအစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly