ဆင်အကနဲ့ ကျော်ကြားလှတဲ့ မြို့ကျောက်ဆည်သို့ တစ်ခေါက် (နိဂုံးပိုင်း)

14 January 2017
ဆင်အကနဲ့ ကျော်ကြားလှတဲ့ မြို့ကျောက်ဆည်သို့ တစ်ခေါက် (နိဂုံးပိုင်း)

ဆင်ယိုင်အကဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

စစချင်းမှာ လူသားနဲ့ဆင်ရိုင်း တစ်လှည့်စီ အစွမ်းပြ ကျုံးဝါးကြရင်းနဲ့ တစ်ဦးနဲ့တစ်ဦး အနိုင်ယူ ကြိုးပမ်းကြရာမှာ  နောက်ဆုံးမှာ လူသားက အနိုင်ရကာ ဆင်ရိုင်းကို လိမ္မာလာအောင် လုပ်ဆောင်နိုင်ခဲ့ပုံကို နောက်ခံတီးလုံးနဲ့ ပုံဖော် ကပြရတာပါ။ ပရိသတ်တွေကလည်း ဒီအယိုင်အကကို စိတ်ဝင်စားပြီး အရမ်းကို နှစ်ခြိုက်ကြတယ်လို့ သိရပါတယ်။ ဇာတ်လမ်းဇာတ်ကွက်နဲ့ ဆင်အကကို ပုံဖော်ဖန်တီးထားလို့ လည်း ကြည့်ရှုသူတွေကို တခြားအကတွေထက် ပိုပြီးတော့ ဆွဲဆောင်နိုင်တာဖြစ်ပါတယ်။ ဒီဆင်ရုပ်ကြီးထဲမှာ ခုန်ပေါက်ကဖို့ဆိုတာ လွယ်တာတော့ဟုတ်ပါဘူး။ တော်ရုံသက်လုံနဲ့လည်း မရပါဘူး။ ဒါကြောင့်လည်း သူတို့ဟာ ပြိုင်ပွဲမဝင်ခင်ကတည်းက အဆက်မပြတ် လေ့ကျင့်နေကြရတာပါ။

စင်ကာပူပြန် ကိုချိုကြီး (ဆင်အကပညာရှင်)

ဆင်ရဲ့ဝိတ်ကတော့ ရှေ့လူကြီးတွေရဲ့ ပုံစံအတိုင်းဆင်ချိုးလာခဲ့တာ အနည်းဆုံး အချိန် ၇၀ ၈၀ ရှိပါတယ်။ အဲလိုမျိုးအခါမှာ ဒီအထဲမှာဝင်ကရင် သီချင်းပေါ့ လူကြိုက်များတဲ့သီချင်း အကောင်းဆုံးသီချင်း ကမယ်ဆိုရင်တော့ ပင်ပန်းနွမ်းနယ်မှု များပါတယ်။ ချွေးထွက်လည်း နဲနဲများမယ်။ လေပေါက်လေးရှိတော့ အသက်ရှုပေါက်လေးတော့ နည်းနည်းရပါတယ်။ ရှေ့လူနဲ့ နောက်လူ နှစ်ယောက်ကပြီဆိုရင် မတဲ့ဟာမျိုးတို့ ကင်းမြီးကောက်ထောင်တဲ့ဟာမျိုးတို့ ဆိုရင်တော့ ရှေ့လူနဲ့ နောက်လူပေါင်းလိုက်ရင် အချိန် ၁၅၀ နီးပါးတော့ ရှိပါတယ်။ အဲဒီဝိတ်ကို ထမ်းပြီးတော့ စွမ်းဆောင်ပြီးကရတယ်။

ရိုးရိုးသာမာန်ကပွဲတွေဆိုရင် အနည်းဆုံး ၃ ပုဒ်ပေါ့။ ဆင်ပွဲတွေမှာဆိုရင်တော့ အနည်းဆုံး မိနစ် ၆၀ မနားတမ်း ဝင်ရောက် ယှဉ်ပြိုင်ရတာပါ။ အဲဒီ မိနစ် ၆၀ အတွင်းမှာ ရပ်တန့်မှုလည်း မရှိရဘူး။ အမြဲတမ်း ဒီဆင်ဟာ လှုပ်ပြီးတော့ စည်းချက်ဝါးချက်နဲ့အညီ ကပြနေရမှာပါ။ အဲဒီလို ကပြနိုင်မှလည်း ဆုတံဆိပ်ဆိုတာလည်း ဆွတ်ခူးနိုင်တာပါ။ အဲလိုမျိုးမဟုတ်ပဲနဲ့ တစ်ခုခုက ချို့ယွင်းလို့ ရပ်လိုက်ပြီဆိုရင် ဆုတံဆိပ် ရဖို့ဆိုတာက တော်တော်ကို ခဲယဉ်းသွားပါပြီ။

မဇ္ဈိမ

ဆင်ကတဲ့အခါမှာ ရှေ့လူနဲ့ နောက်လူက နှစ်ကိုယ့်တစ်စိတ် ဟန်ချက်ညီညီနဲ့ ကပြကြရပါတယ်။ ဒီလိုမျိုး တစ်စိတ်တည်း တစ်သားတည်းမဖြစ်ရင် ဆင်ကပုံက ဘယ်လိုမှ ကြည့်ကောင်းမှာမဟုတ်ပါဘူး။

 ကျောက်ဆည်သားမှန်ရင်တော့ ဆင်ရုပ်တွေ ဆင်အကတွေအပေါ်မှာ ရူးသွပ်ကြတဲ့သူတွေချည်းပါပဲ။ ဒါတွေက ဘာကြောင့် ဖြစ်လာတာလဲ။

ဦးစိုးရွှေ (ဆင်အဖွဲ့ပိုင်ရှင်)

ဒီ ကျောက်ဆည် ဆင်သမိုင်းကို ပြောရမယ်ဆိုရင် အနော်ရထာမင်းက ကျွန်တေ်ာတို့ ကျောက်ဆည်သူ ကျောက်ဆည်သားတွေရဲ့ ကျေးဇူးရှင်ပါပဲ။

မဇ္ဈိမ

ပုံဂံပြည့်ရှင် အနော်ရထာမင်းကြီးက သီဟို၌ပြည့်ရှင် ဓါတုသေန မင်းထံမှ ရရှိတဲ့ ဗုဒ္ဓစွယ်တော်ပွားကို အဓိဌာန်ပြီး ဆင်မှရင်သာပေါ် တင်လွှတ်တဲ့အခါမှာ ဆင်မရင်သာက ကျောက်ဆည်မြို့နားက ရွှေသာလျောင်းတောင်၊ ကက်တောင်၊ ခရွှေ့တောင်များမှာ ဝပ်လို့ ထိုတောင်များမှာ စေတီတည်ပါတယ်။ နောက်ပြီး ကျောက်ဆည်ဒေသကိုလည်း ဆည်မြောင်းများ ဆောက်လုပ်ပေးခဲ့ပါတယ်။

ဦးစိုးရွှေ (ဆင်အဖွဲ့ပိုင်ရှင်)

ကျောက်ဆည်မြို့က မိုးခါးရေသောက် မိုးကိုမျှော်ပြီးတော့ စိုက်ပျိုးတဲ့စနစ်ကနေ ဆည်ရေသောက်စနစ်ကို ပြောင်းလဲပြီးတော့မှ ကျောက်ဆည်ဒေသကို မြန်မာနိုင်ငံရဲ့ စပါးကျီပေါ့ စပါးအထွက်အတိုးဆုံး ဒေသဖြစ်အောင် ဖန်တိးပြီးတော့မှ ကျောက်ဆည်ဒေသကို သုံးနှစ်သုံးမိုး ဘုရား၊ ကျောင်း၊ ကန်၊ တန်ဆောင်တွေ ဆောက်လုပ်လှူဒါန်းခဲ့တယ်။ အဲဒီမှာ ဒီ ကျောက်ဆည်သူ ကျောက်ဆည်သားတွေ ကိုးခရိုင် နယ်သူနယ်သားတွေက ဒီကျေးဇူးကို ရှိတဲ့အတွက် တစ်နှစ်တစ်ခါ ဆွမ်းတော်ကပ်လှူပွဲ ပူးဇော်ဆိုပြီးတော့မှ ဖိတ်မှာခဲ့ပါတယ်။

မဇ္ဈိမ

ပြီးတော့လည်း ဆင်မရင်သာကို ရည်စူးပြီးတော့ ရွှေဆင်၊ ငွေဆင်၊ ဆင် ၁၀ မျိုး အစရှိတဲ့ အရုပ်တွေကို ပြုလုပ်လှူဒါန်းပြီး ဆင်မရင်သာအတွက် အမျှတန်း ပေးဝေခဲ့ပါတယ်။ ဒီလို ကျောက်ဆည်သူ ကျောက်ဆည်သားတွေက သီတင်းကျွတ်လရောက်တိုင်း စွယ်တော်စေတီမှာ ဆင်ရုပ်မုန့်တွေ ပြုလုပ်လှူကြတာကနေတစ်ဆင့် ယနေ့ ဆင်ပွဲအထိကို ပြောင်းလဲလာခဲ့ကြတာပါ။

ဦးစိုးရွှေ (ဆင်အဖွဲ့ပိုင်ရှင်)

ဒီနေ့ဒီအချိန်ထိ ကျောက်ဆည်သူကျောက်ဆည်သားတွေက အနော်ရထာမင်းကြီးရဲ့ ကျေးဇူးကို သိတတ်တဲ့ မကင်းတဲ့အတွက် ယနေ့အချိန်ထိ အစပိုင်း လင်ဗန်းလေးထဲမှာ မုန့် အရုပ်ဆင်လေးတွေနဲ့ သီတင်းကျွတ်လပြည့်နေ့တိုင်း ရွှေသာလျောင်းတောင်ပေါ်ကို တက်ပြီးတော့ ကပ်လှူတယ်။ အဲဒီကနေတစ်ဆင့် ဝါးနဲ့ ချိုးပြီးတော့မှ ထမ်းစင်လေးတွေ ဝပ်ဆင်လေးတွေနဲ့ ပူဇော်ရာကနေ ဆင်များရဲ့ ဖခင်ခေါ်တဲ့ ညောင်ခြောက်ပင်က ဆရာငယ်ကနေ မြေနင်းဆင်ဆိုပြီးတော့မှ စပြီး တီထွင်လိုကတယ်။ အဲဒီကနေမှာ ဒီကျောက်ဆည်ကလူတွေက သဘောကျပြီးတော့မှ မြေနင်းဆင်နဲ့ ဆရာငယ်ကြီးဆီမှာ မှာပြီးတော့မှ နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လဆန်း ၁၄ ၇က်နေ့မှာ မြို့မဈေးကို ၃ ပတ် ပတ်တယ်။ မြို့မဈေးကလည်း ရွှေသာလျောင်းရဲ့မြေဖြစ်တဲ့အတွက် ၃ ပတ်ပတ်ပြီးတော့ လပြည့်နေ့မှာ ရွှေဆင်၊ ငွေဆင်တွေနဲ့ တက်ပြီးတော့ လှူကြတယ်ပေါ့။

မဇ္ဈိမ

အဲဒါကတော့ ကျောက်ဆည်ဆင် ဖြစ်ပေါ်လာပုံလေးကို ပြောပြသွားတာပါ။ ဒီအတွက်လည်း ကျောက်ဆည်သူ ကျောက်ဆည်သားတွေက ဆင်ကိုမြင်ရင် ချစ်ကြတာပါ။ ကြီးကြီးငယ်ငယ် အကုန်လုံးက ဆင်ကဖို့ဆိုရင် အပင်ပန်းလည်း ခံကြပါတယ်။ သီတင်းကျွတ်ပြိုင်ပွဲကြရင် အကအဖွဲ့တွေက သူနိုင်ကိုယ်နိုင် အပြိုင်ကျဲဖို့အတွက် ညီညီညာညာ လေ့ကျင့်နေကြပါတယ်။

အခုလည်း ကလေးဆင်ပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ ကားမီးတွေထိုး စလိုက်တွေဆင်ပြီး ညဘက်ကြီး လေ့ကျင့်နေကြပါတယ်။

မဇ္ဈိမ

ကလေးတွေကလည်း မြင်တဲ့အတိုင်းပါပဲ တကယ်ကို ကျောက်ဆည်သား ပီသကြပါတယ်။  ကျောက်ဆည်ကို ချစ်မြတ်နိုးမှုကလည်း သူတို့ အသွေးထဲအသားထဲမှာ ရှိနေပုံရပါတယ်။ အရွယ်လေးတွေက ငယ်သေးတယ်ဆိုပေမယ့် ဆင်အကကို တော်တော်ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ပိုင်ပိုင်နိုင်နိုင် တိုက်နေတာကို တွေ့ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျောက်ဆည်ဆင်ပွဲတော်ကလည်း နီးလာပြီလေ။ ကျောက်ဆည်ဆင်ပြိုင်ပွဲမှာ ကလေးဆင်ပြိုင်ပွဲလည်း ရှိတဲ့အတွက်ကြောင့်မို့ ပြိုင်ပွဲအတွက် ကလေးလေးတွေက လေ့ကျင့်နေကြတာပါ။ ဆင်အကအားလုံးက စည်းသုံးချပ် ဝါးသုံးချပ်ကို အခြေခံပြီးတော့မှ ကကြရတာဖြစ်ပါတယ်တဲ့။

စင်ကာပူပြန် ကိုချိုကြီး (ဆင်အကပညာရှင်)

ကျောက်ဆည်ဆင်အကဆိုတာဟာ ကျွန်တော်တို့ တစ်မြို့တည်းနေပေမယ့် ဘာသာရေးနဲ့ပဲဖြစ်ဖြစ် ဘုရားပွဲ ကျောင်းပွဲအတွက်ပဲဖြစ်ဖြစ် ကျောက်ဆည်ဆင်အကကို ဆည်းပူးယူကြမယ်ဆိုရင် လက်ကမ်းကြိုဆိုပါတယ်။ အမြဲတမ်း ထာဝစဉ် သင်ကြားပေးဖို့လည်း ရှိပါတယ်။ ပြီးခဲ့တဲ့ နွေရာသီကာလမှာလည်း ကျွန်တော်တို့ စွမ်းရည်ပြ အမြင့်သင်တန်း ၂ လ ဖွင့်ပေးခဲ့ပါတယ်။ အမြင့်ပိုင်းဆိုင်ရာ အကကွက် ဆန်းတွေကို သင်ကြားပေးခဲ့ပါတယ်။ ကျန်တဲ့ဒေသတွေမှာရှိတဲ့ ဝါသနာရှင်တွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ဒီပွဲတော်ကြီးကိုလည်း နှစ်စဉ်နှစ်တိုင်း လာရောက် ကြည့်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။

အပိုင်း (၁ ) ကိုအောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါသည် - http://www.mizzimaburmese.com/article/21576အပိုင်း ( ၂ ) ကိုအောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါသည် - http://www.mizzimaburmese.com/article/21788

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly