ကုလသမဂ္ဂသို့ ရန်ပုံငွေထည့်ဝင်မှု လျှော့ချခြင်းက နိုင်ငံအတွက် ဆိုးဆိုးရွားရွား အကျိုးယုတ်သွားစေနိုင်ကြောင်း အမေရိကန်သံအမတ် သတိပေး

ကုလသမဂ္ဂသို့ ရန်ပုံငွေထည့်ဝင်မှု လျှော့ချခြင်းက နိုင်ငံအတွက် ဆိုးဆိုးရွားရွား အကျိုးယုတ်သွားစေနိုင်ကြောင်း အမေရိကန်သံအမတ် သတိပေး

ဇန်နဝါရီ ၁၄ ။              ။ ကမ္ဘာ့ကုလသမဂ္ဂထံသို့ အမေရိကန်၏ ရန်ပုံငွေစိုက်ထူထည့်ဝင်ပေးမှုအပိုင်းတွင် လျှော့ချဖြတ်တောက်လိုက်မည်ဆိုပါက နိုင်ငံအတွက် ဆိုးဆိုးရွားရွား အကျိုးပျက်ပြား သွားစေနိုင်ကြောင်း  ကုလဆိုင်ရာ အမေရိကန်သံအမတ် Samantha Power က ဇန်နဝါရီ ၁၃ တွင် ထုတ်ဖော်သတိပေးလိုက်သည်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် တရားဝင်ရုံးတက်မလာမီ တစ်ပတ်အလိုတွင် ၎င်းက အထက်ပါအတိုင်း သတိပေးခဲ့ခြင်းဖြစ်သည်။

" ကုလအတွက် ဝါရှင်တန်အစိုးရဘက်က ငွေကြေးထည့်ဝင်မှု လျှော့ချလိုက်မယ်ဆိုရင်တော့ ရုရှနဲ့ တရုတ်လို နိုင်ငံတွေကပဲ အကျိုးများသွားစေဖို့ပဲ ရှိပါတော့တယ်" ဟု Power က သူမ၏ နောက်ဆုံးဖြစ်လာသည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသွားသည်။

" ကျွန်မတို့ဟာ တကယ်တမ်းကျတော့ ကုလသမဂ္ဂမှာ တစ်စိတ်တစ်ဒေသဦးဆောင်နေရင်းနဲ့ ကမ္ဘာကို ဦးဆောင်နေရပါတယ်" ဟု Power က ပြောသွားသည်။

"တကယ်လို့ ဒီနိုင်ငံတကာအဖွဲ့အစည်းကြီးနဲ့ တွဲထားတဲ့လက်တွေကို ဖြုတ်လိုက်မယ်ဆိုရင် ဒါဟာ အမေရိကန်တွေရဲ့ အကျိုးစီးပွားအတွက် အကြီးအကျယ် ထိခိုက်စေနိုင်ပါလိမ့်မယ်"ဟု ၎င်းက ဆိုသည်။

ကုလသမဂ္ဂသို့ ငွေကြေးထည့်ဝင်နေမှုများအားလုံးကို လျှော့ချဖြတ်တောက်နိုင်မည့် ဥပဒေကြမ်းတစ်ရပ် ဆီးနိတ်တွင် အဆိုပြုတင်သွင်းလာမှုအပေါ် Power က အထက်ပါအတိုင်း သတိပေးသွားခြင်း   ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly