ငြိမ်းချမ်းရေးအတွက် အသုံးစရိတ် (နိဂုံးပိုင်း)

14 January 2017
ငြိမ်းချမ်းရေးအတွက် အသုံးစရိတ် (နိဂုံးပိုင်း)
 

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

အဲဒီတော့ ICRC လို အဖွဲ့အစည်းမျိုးတွေ နိုင်ငံတကာအကူအညီတွေက သူတို့က Private သွားတယ်ထင်ပါတယ်။ သူတို့အစီအစဉ်နဲ့ သူတို့ သွားတာဆိုတော့ တစ်ခါတစ်ခါမှာ သွားလို့မရဘူးဆိုတာက ဆရာဘယ်လိုမြင်သလဲ။ ဘယ်လိုဖြစ်နေလို့လဲ။

ဦးဇော်ဖေဝင်း

ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၊ ပြည်ထောင်စုလွှတ်တော်

အဲဒါကတော့ ကျွန်တော်တို့အစိုးရရဲ့ သတ်မှတ်ချက်ပေါ့နော်။ ပထမတစ်ချက်က ICRC တွေလိုမျိုး အဖွဲ့အစည်းတွေကို သွားခွင့်ပြုမယ်ဆိုရင် သူတို့ရဲ့လုံခြုံရေးကို ဒီဘက်က တာဝန်ယူမပေးနိုင်ဘူးပေါ့။ အဲဒီလိုပြဿနာမျိုးတွေ ရှိတဲ့အတွက်ကြောင့်မိုလို့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေကနေ အပြစ်တင်မှာစိုးလို့ မပေးဘူးလို့ပဲ ကျွန်တော်ကတော့ ယူဆပါတယ်။ ကျွန်တော်အကြံပေးနိုင်တဲ့ အမြင့်ဆုံးအဆင့်က ပြည်ထောင်စုလွှတ်တေ်ာကို ကျွန်တော်က အကြံပေးတာပဲ ဖြစ်ပါတယ်။ သို့သော်လည်းပဲ လွှတ်တော်ရဲ့ အဓိကတာဝန်က ဥပဒေပြုရေးတာဝန်သာ ဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့က အကြံပေးမယ်။ လွှတ်တော်ကနေပြီးတော့ ဒီကိစ္စတွေကို ဆုံးဖြတ်လို့ရရင် ဆုံးဖြတ်ပြီးတော့ အစိုးရအဖွဲ့ကို ကျွန်တော်တို့က တင်ပြရပါတယ်။ အဲလိုတင်ပြမှသာလျင် အစိုးရအဖွဲ့က ဆုံးဖြတ်ချက် ချပြီးတော့ လုပ်လို့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ တိုက်ရိုက် ဘယ်လိုသုံးပါစွဲပါ ဘယ်လိုလုပ်ပါဆိုပြီးတော့ အစိုးရအဖွဲ့ကို ကျွန်တော်တို့ ပြောလို့မရပါဘူး။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ ဆရာအဲဒီတော့ ကျွန်တော်တို့ဒီမှာ ပထမတုန်းကတော့ သုံးခဲ့ပြီးပြီဆိုတော့ ရှေ့လာမယ့် ၂၀၁၇-၂၀၁၈ အစရှိသဖြင့် ငြိမ်းချမ်းရေးကတော့ ဆက်ပြီးတော့မှ လုပ်နေရဦးမယ့် အခြေအနေပေါ့။ ကျွန်တော်တို့ ဘယ်နေရာတွေမှာ ထပ်ပြီးတော့ ဥပမာဆိုလို့ရှိရင် အစည်းအဝေးတွေ အခမ်းအနားတွေလုပ်တယ်။ ဒါ့အပြင် ဘယ်နေရာတွေမှာ ငွေတွေနဲ့ပတ်သက်ပြီးတော့ ဘယ်နေရာမှာ သုံးသင့်သလဲ ဘယ်လောက် ထပ်သုံးဖို့များ မှန်းလို့ရနိုင်မလဲ။

ဒေါက်တာ ရန်မျိုးသိန်း

နိုင်ငံရေး လေ့လာသုံးသပ်သူ

ကျွန်တော်ကတော့ ခုနကပြောသလိုပေါ့ ကျွန်တော်တို့ ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာ နေရပ်ကို စွန့်ခွာသွားရတဲ့ ပြည်သူတွေ အဲဒီပြည်သူတွေရဲ့ ဘဝတွေကို ပြန်ပြီးတော့ တည်ဆောက်ဖို့လိုတယ်။ သူတို့ရဲ့ စားဝတ်နေရေးပေါ့ နောက်ပြီးတော့ ခုနကပြောသလိုပေါ့ အဲဒီမှာ ကျွန်တော်တို့ လူငယ်တွေ ကလေးငယ်တွေ အများကြီးပါသွားတယ်။ သူတို့ရဲ့ ပညာရေးပေ့ါဗျာ။ လူငယ်တွေ ကလေးငယ်တွေရဲ့ ပညာရေးကလည်း ရှင်းရှင်းပြောရရင် သူတို့ရဲ့ အနာဂါတ်ကောင်းဖို့က သူတို့ပညာရေးကလည်းပဲ တကယ့် အာမခံချက်ရှိတဲ့ ပညာရေးမျိုး ဖြစ်ဖို့လိုတယ်။ အဲတော့ ကျွန်တော်တို့က ခုနကပြောသလိုပေါ့ မြို့ပေါ်မှာကျတော့ ကျောင်းတွေမှာ အေးအေးဆေးဆေးနဲ့ ပညာသင်ကြားနိုင်ပြီးတော့ ကျွန်တော်တို့ နယ်စပ်ဒေသ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာကျတော့ ကျောင်းတွေကို ဖြစ်သလိုဖွင့်ပြီးတော့ လူငယ်တွေ ကျောင်းသားတွေရဲ့အရေးကို ဆောင်ရွက်နေရတယ်ဆိုရင် ဒါဟာ ကျွန်တော်အနေနဲ့ကတော့ အကြောင်းအကျိုး စီလျော်မှုမရှိဘူးလို့ မြင်တယ်။

နောက်တစ်ခုကလည်းပဲ ကျန်းမာရေး စောင့်ရှောက်မှုအပိုင်း ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းကလည်း အရမ်းအရေးကြီးတယ်လို့ မြင်တယ်။ အဲတော့ ကျွန်တော်ကတော့ ခုနကပြောတဲ့ စားဝတ်နေရေးရယ်၊ ပညာရေးရယ်၊ ကျန်းမာရေးရယ် ဒါတွေကို သုံးတဲ့နေရာမှာ ကျွန်တော်အမြင်အားဖြင့်တော့ ပွင့်လင်းမြင်သာမှု ရှိဖို့လိုအပ်တယ်။ အဲဒါကိုလည်းပဲ ခုနကပြောသလို သတင်းမီဒီယာတွေရော အရပ်ဖက်အဖွဲ့အစည်းတွေရော အားလုံးကတော့ ဝိုင်းစောင့်ကြည့်ဖို့ လိုအပ်တယ်။ အဲဒီလို ဝိုင်းစောင့်ကြည့်နိုင်တဲ့ အနေအထားတစ်ခုကိုလည်းပဲ အစိုးရတွေ လွှတ်တော်တွေကလည်း အလေးအနက်ထားဖို့ လိုအပ်တယ်လို့ မြင်တယ်။ အစိုးရတွေ လွှတ်တော်တွေကိုယ်တိုင်က သတင်းမီဒီယာတွေ အရပ်ဖက်အဖွဲ့အစည်းတွေကို အလေးထားမှ ဒီလုပ်ငန်းမှာ သတင်းမီဒီယာတွေ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်ဆောင်ရွက်နိုင်တဲ့ နေရာကလည်း ပိုပြီးတော့ ကျယ်ပြန့်နိုင်မယ်လို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ဆရာ ဒေါက်တာရန်မျိုးသိန်း ပြောသွားတာကတော့ ငြိမ်းချမ်းရေးအတွက် ဘတ်ဂျက်တွေ သုံးတဲ့နေရာမှာ အခမ်းအနားတွေမှာပဲ သုံးစွဲမနေပဲနဲ့ ပြန်လည်ထူထောင်ရေးတွေ ဒုက္ခသည်စခန်းတွေ အစရှိသည်အားဖြင့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး အစရှိသည်အားဖြင့် ဒီနေရာတွေမှာလည်း သုံးသင့်တယ်လို့ ထောက်ပြခဲ့ပါတယ်။ ဆရာမကို ကျွန်တော် ဆက်မေးပါရစေ။ ဆရာကတော့ အကြမ်မျဉ်းပြောသွားတာပေါ့နော်။ ဆရာမက ဒီ ပဋိပက္ခဖြစ်နေတဲ့ ဒေသကနေပြီးတော့ လာတယ်ဆိုတော့ တကယ့်တကယ် လက်တွေ့အခြေအနေမှာရော သူတို့တွေအတွက် တကယ့်တကယ် အရေးကြီးတဲ့ လိုအပ်ချက်တွေက ဘာတွေများ ဖြစ်နေတယ်လို့ မြင်တွေ့ရသလဲ။

ဒေါ်နန်းဖြူဖြူလင်း (ပဲ့ကိုင်ကော်မတီဝင်)

(Alliance for Gender Inclusion in the Peace Procwess)

အရေးကြီးတဲ့လိုအပ်ချက်တွေကတော့ ပြောရရင်တော့ အများကြီးပဲ။ ဒါပေမယ့် ခန္ဓာပိုင်းဆိုင်ရာ လိုအပ်ချက်၊ အခြေခံလိုအပ်ချက်နဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်လို့ပဲ ကျွန်မကတော့ အဲလိုမျိုး ခွဲပြောချင်ပါတယ်။ တကယ်တမ်းလိုအပ်တဲ့ ခန္ဓာပိုင်းဆိုင်ရာ လိုအပ်ချက်ကို ဆရာက ပြောသွားပီးပါပြီ။ စားဖို့လိုပါတယ်။ နေဖို့လိုတယ်၊ ပညာရေးလိုတယ်။ ဒီမှာ ကျွန်မ နဲနဲလေးချဲ့ပြီးတော့ ပြောကြည့်ချင်တယ်။

ကျွန်မတို့က ငြိမ်းချမ်းရေးကို တကယ်လိုချင်တယ်ဆိုရင် အကြမ်းမဖက်တဲ့ ယဉ်ကျေးမှု၊ ငြိမ်းချမ်းရေးကို ပြုစုပျိုးထောင်တဲ့ ယဉ်ကျေးမှုကို အလေ့အထ လုပ်ပေးနိုင်မှ ရပါမယ်။ အဲလိုလုပ်ဖို့ကလည်း ကျွန်မတို့က ပညာရေးလို့ ပြောတဲ့အခါမှာ စနစ်ကိုပါ ပြောင်းဖို့လိုပါတယ်။ ကျွန်မတို့ရဲ့ ပညာရေးစနစ်တွေမှာ လူသားအချင်းချင်း လေးစားတက်တဲ့စနစ် မခွဲခြားပဲ တန်းတူညီမျှတဲ့စနစ် ပြီးလို့ရှိရင် တိုင်းရင်းသားတွေရဲ့ တကယ့်သဘောသဘာဝကို နားလည်နိုင်မယ့် စနစ်တွေလည်း လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက အဲဒီစနစ်တွေကို ပြုပြင်ပြောင်းလဲဖို့အတွက် ငွေကြေးကို ကောင်းကောင်းမသုံးစွဲတဲ့အခါမှာ အဲဒီစနစ်ရဲ့ နောက်ဆက်တွဲ ရလာတာတွေက အရည်အသွေးမရှိတာတွေလည်း ဖြစ်ပါတယ်။

ကျန်းမာရေးဆိုရင်လည်း အဲဒီအတိုင်းပါပဲ ကျေးလက်ဒေသ တကယ်ပဲ IDP ကန့်တွေမှာ ကျွန်မ ပြီးခဲ့တဲ့ ၁ လကပဲ ထပ်ပြီးတော့ ရောက်ပါတယ်။ မေးလိုက်တဲ့အခါမှာ ဆေးခန်းမသွားဘူးလားဆိုတော့ ဆေးခန်းသွားရင် ဗိုက်နာလည်း ပါတာစီတမော့ပဲ ခေါင်းကိုက်လည်း ပါတာစီတမော့ပဲတဲ့ အဲတော့ ပါတာစီတမော့ ဆေးခန်းလို့တောင် နာမည်ပေးနေတယ်တဲ့။ ပြီးရင် တချို့ရွာတွေမှာဆိုရင် ဒိတ်တွေက လွန်နေပြီ။ ဒိတ်အောက်နေပြီ။ အဲတော့ အဲဒါတွေက မဖြစ်သင့်တဲ့အရာတွေလို့ဆိုပြီး သွားပြီးတော့ ဆွေးနွေးပေမယ့်လည်း ကျန်းမာရေးဝန်ထမ်းကိုယ်တိုင်က အချင်းချင်း ကျွန်တော်တို့ ကျွန်မတို့တောင်မှ သောက်စရာဆေးမရှိရင် ဒီ ဒိတ်အောက်တဲ့ဆေးတွေကိုပဲ သောက်နေရပါတယ်တဲ့။ အဲတော့လည်း တော်တော်တော့ ခက်ပါတယ် ဒါကြောင့် ကျွန်မတို့က ဘတ်ဂျက်တွေကို စနစ်တွေကို ပြုပြင်ပြောင်းလဲတဲ့နေရာမှာ သုံးဖို့လိုပါတယ်။ ပြီးရင် အခု ကျွန်မတို့ဖြစ်နေတာက စိတ်ပိုင်းဆိုင်ရာပါ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ အများကြီးခံစားနေရတဲ့အတွက် သူတို့ကို စိတ်ပိုင်း ပံ့ပိုးပေးနိုင်မယ့် ဟာတွေလည်း ကူညီပေးဖို့ လိုပါတယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျား။ အချိန်လေးလည်း နဲနဲလင့်နေပြီဆိုတော့ ဆရာရေ အတိုချုပ်လေးပေါ့နော် ကျွန်တော်တို့ကို ဘတ်ဂျက်တွေလည်း ချပေးပြီ နိုင်ငံတကာကလည်း အကူအညီတွေ ပေးနေပြီ ကျွန်တော်တို့မှာကလည်း ဘတ်ဂျက်လို့ ပြောလို့ရှိရင် လိုအပ်ချက်တွေက အများကြီးဖြစ်နေတဲ့အခါကျတော့ အနှစ်ချုပ်ပြီးတော့ ပြောမယ်ဆိုရင် ဒီငြိမ်းချမ်းရေးအတွက် ဘတ်ဂျက်ချပေးလိုက်ပြီ အစိုးရပဲဖြစ်ဖြစ် နိုင်ငံအတွက် ဦးဆောင်ပြုနေတဲ့သူတွေပဲဖြစ်ဖြစ် နိုင်ငံတော်ဘတ်ဂျက်အတွက် တိုတိုလေး တစ်ခုလောက် ပြောပေးလို့ရမလား။

ဦးဇော်ဖေဝင်း

ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၊ ပြည်ထောင်စုလွှတ်တော်

ဟုတ်ကဲ့။ ငြိမ်းချမ်းရေးအတွက်ကတော့ ခုနကပြောတဲ့အတိုင်းပဲ ငွေကြေးသုံးစွဲတာကတော့ လိုအပ်ရင် လိုအပ်သလို သုံးစွဲရမှာပါပဲ။ ဒါပေမယ့် အရေးကြီးတာကတော့ မူဝါဒပါ။ ငြိမ်းချမ်းရေးကို တကယ်တည်ဆောက်ဖို့ရာ ဆုံးဖြတ်ထားတဲ့ မူဝါဒမျိုး ရှိဖို့တော့လိုပါတယ်။ အဲဒါက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က စပြီးတော့ အစိုးရအဖွဲ့ တစ်ဖွဲ့လုံးပေါ့နော် အထူးသဖြင့် ဒီငြိမ်းချမ်းရေးကိစ္စမှာ ပါဝင်ဆောင်ရွက်နေရတဲ့ တပ်မတော်ပေါ့ ပဋိပက္ခဆိုလို့ရှိရင် လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့အတွက်ကြောင့် တပ်မတော်ဟာ အရေးကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အဲတော့ နိုင်ငံတော်အစိုးရအနေနဲ့ရော တပ်မတော်အနေနဲ့ရော တစ်ဖက်က လက်နက်ကိုင်ပြီးတော့ တိုက်ခိုက်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ အနေနဲ့ရော သူတို့အားလုံးမှာ တူညီတဲ့ ဘုံရည်မှန်းချက် ပန်းတိုင်တစ်ခုတော့ ရှိဖို့ လိုအပ်ပါတယ်။ အဲဒါမှသာလျင် သုံးတဲ့ပက်ဆံတွေက ထိရောက်မယ်။ အဲဒီ တူညီတဲ့ ဘုံရည်မှန်းချက် ပန်းတိုင်ကတော့ ငြိမ်းချမ်းရေးကို ငြိမ်းချမ်းသောနည်းဖြင့် တည်ဆောက်ကြမယ်။ အဲလို တည်ဆောက်ပြီးတော့မှ အနာဂါတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးကို အားလုံးမှာ ရှိကြစေချင်ပါတယ်။ အဲလို ရှိမှသာလျင် ဒီကိစ္စက အောင်မြင်နိုင်မယ်လို့ ကျွန်တေ်ာ ယူဆပါတယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဆရာအနေနဲ့လည်း အတိုချုပ်လေး ပြောပေးပါဦခင်ဗျ။

ဒေါက်တာ ရန်မျိုးသိန်း

နိုင်ငံရေး လေ့လာသုံးသပ်သူ

ကျွန်တော်ကတော့ ဆရာပြောသွားတာကိုလည်း ထောက်ခံပါတယ်။ နောက်တစ်ချက်ကတော့ခုနက ဆရာမပြောသွားသလိုပါပဲ ကျွန်တော်တို့ဆီမှာက ဘာလဲဆိုတော့ အာဃာတတွေနဲ့ ငြိမ်းချမ်းရေးကို ချည်းကပ်လို့မရဘူး။ ဥပမာ တစ်ချိန်တုန်းက ကျွန်တော်လည်းပဲ မှတ်မိတယ်။ ဒုတိယကမ္ဘာစစ် ပြီးတဲ့အချိန်မှာ အမေရိကန်က ဂျပန်ကို အနုမြူဗုံး ကျဲလိုက်တယ်။ အဲဒီအချိန်မှာ ဂျပန်မှာ လူတွေ သောင်းချီပြီးတော့ သေဆုံးတယ်။ သန်းချီပြီးတော့ ဒဏ်ရာတွေရတယ်။ နောက်ပြီးတော့ စိတ်ပိုင်းဆိုင်ရာတွေလည်း ထိခိုက်တယ်။ ဒါပေမယ့် အခုချိန်မှာ အမေရိကန်နဲ့ ဂျပန်ကို   ပြန်ကြည့်လိုက်တဲ့အချိန်မှာ တကယ့်ကို အင်မတန်မှ ရင်းနှီးတဲ့ မဟာမိတ်တွေ ဖြစ်နေတယ်။ အဲတော့ ကျွန်တော်တို့ကလည်း ခုနကပြောသလိုပေါ့ အမြဲတမ်း ကျွန်တော်တို့မှာ တစ်ဖက်နဲ့တစ်ဖက် အာဃာတတွေနဲ့ စဉ်းစားနေမယ် အမုန်းတရားတွေနဲ့ စဉ်းစားနေမယ်ဆိုရင် ကျွန်တော်တို့က အဖြေကို မရောက်နိုင်ဘူးဆိုတာ ကျွန်တော်မြင်တယ်။ အဲဒီအခါကျတော့ ကျွန်တော်တို့ဟာ ငြိမ်းချမ်းတဲ့နည်းလမ်း ငြိမ်းချမ်းတဲ့ ဖြေရှင်းမှုပုံစံကနေ တွေ့ဆုံဆွေးနွေး အဖြေရှာပြီးတော့ ဆောင်ရွက်နိုင်မှသာလျင် ကျွန်တော်တို့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် သုံးလိုက်တဲ့ ဘတ်ဂျက်တွေက သဲထဲရေသွန် မဖြစ်နိုင်ဘူးလို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်။

အပိုင်း (၁ )ကို အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါသည် http://www.mizzimaburmese.com/article/22157
အပိုင်း ( ၂ )ကို အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါသည် http://www.mizzimaburmese.com/article/22241

Mizzima Weekly