မြေပြင် တိုက်ပွဲများ ရပ်တန့်၍ နှစ်ဖက် ညှိနှိုင်းအဖြေရှာရန် DPN တင်ပြခဲ့

မြေပြင် တိုက်ပွဲများ ရပ်တန့်၍ နှစ်ဖက် ညှိနှိုင်းအဖြေရှာရန် DPN တင်ပြခဲ့

ချင်းမိုင်၊ ဇန်နဝါရီ ၁၄ ။                       ။ အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား နှစ်ဖက်ဆွေးနွေးမှု ကြန့်ကြာစေသည့် အဓိကအကြောင်းရင်းဖြစ်သည့် တိုက်ပွဲများကို ရပ်တန့်ကာ   တွေ့ဆုံညှိနှိုင်း အဖြာရှာကြရန် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN)က တင်ပြဆွေးနွေးခဲ့ကြောင်း DPN ခေါင်းဆောင် ခူရီးရယ်က ဇန်နဝါရီ ၁၃ရက်က အစည်းအဝေးအပြီး သတင်းထောက်များကို ပြောသည်။

 ဇန်နဝါရီလ ၁၃ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြိ့တွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်မှ ဦးအောင်ကြည် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN)တို့ နှစ်ဖက် ပြန်လည်တွေ့ဆုံနိုင်ရန် နည်းလမ်းရှာသော ဆွေးနွေးမှုတွင် DPNက တင်ပြခဲ့ခြင်းဖြစ်သည်။ DPN က အချက် ၈ချက်နှင့် မြေပြင်တွင် ဖြစ်ပွားနေသော အခြေအနေများကို အဓိက ဆွေးနွေးခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

 “ဒါပေမဲ့ ဒီနေ့ကတော့ အစိုးရဘက်က လာတဲ့ ကိုယ်စားလှယ်တွေဘက်က တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့လာရောက် ဆွေးနွေးမှုတွေ မပါတဲ့အခါကြတော့ ကျနော်တို့ဘက်က တင်ပြမှုတွေတော့ လုပ်တာပေါ့။ ဒါပေမဲ့ ဒီအခြေအနေနဲ့ပတ်သက်ပြီး နည်းနာလာရှာတာ ဖြစ်တဲ့အတွက် အေသေးစိတ်ဆွေးနွေးတာတော့ မရှိဘူး။ ကျနော်တို့ဘက်ကတော့ ဒီအခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီးတော့ ၈ ချက်ကို အဖြေရှာဖို့ တင်ပြတယ်”ဟု ခူဦးရယ်က ပြောသည်။

 တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးရန်အတွက် တိုက်ပွဲများ ရပ်တန့်ထား၍ မြေပြင်မှ အခြေအနေများကို တဆက်တည်း ညှိနှိုင်းအဖြေရှာသွားရန်   ဖြစ်သည်ဟု သူက ပြောသည်။

“ဒီ ၈ချက်ကလည်း မြေပြင်က တိုက်ပွဲအခြေအနေတွေနဲ့ တိုက်ဆိုင်တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ NCA ကိစ္စပဲပြောနေတဲ့အခါကြတော့ NCA ထိုးဖို့ဆိုတာက မြေပြင်အခြေအနေကို မရပ်တန့်ထားရင် ကျနော်တို့ဘက်က သဘောတူလို့ ရရင်တောင်မှ အခြေအနေက သဘောတူဖို့ ကျနော်တို့ကို မတွန်းပို့တာလေ”ဟု ခူဦးရယ်က ဆက်လက် ပြောဆိုသည်။

 ထို့ပြင် အစည်းအဝေးတွင် DPN ဘက်မှ အပစ်ရပ် လက်မှတ်ထိုးပြီးနောက် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ရမည့် ပစ်ခတ်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)၏ လုပ်ထုံးလုပ်နည်းများ၊ လုပ်ဆောင်ရမည့်အဆင့်များနှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ ရေးဆွဲထားသည့် စာတမ်းအပေါ် မရှင်းလင်းသည့် အသုံးအနှုန်းများကို မေးမြန်းခဲ့သည်ဟု ခူဦးရယ်က ပြောသည်။

 ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်ဘက်ကလည်း အားလုံးပါဝင်၍ လက်မှတ်ရေးထိုးနိုင်ရန်နှင့် ငြိမ်းချမ်းရေး တံခါးဖွင့်ထားကြောင်း အစိုးရ၏ မူဝါဒများကို တင်ပြဆွေးနွေးခဲ့သည်ဟု ငြိမ်းချမ်းရေးကော်မရှင်မှ အကြံပေး ဦးလှမောင်ရွှေက ပြောသည်။

 “ကျနော်တို့ ငြိမ်းချမ်းရေးကော်မရှင်ဘက်က ပေးလိုက်တဲ့ မူဝါဒတွေကို လာပြီးတင်ပြပါတယ်။ ကျနော်တို့ဆွေးနွေးတာ အဓိကတော့ DPNဘက်က အဆိုပြုထားတဲ့ အချက် ၉ ချက်အပေါ် ဆွေးနွေးတယ်။   နောက် JMC နဲ့ ပတ်သက်တဲ့ ရှင်းလင်းတဲ့ ကိစ္စတွေကို ကျနော်တို့က ပြန်တင်ပြဆွေးနွေးတယ်။ တတိယတော့ လာမယ့်ဆွေးနွေးပွဲတွေ ဘယ်လိုဆက်ပြီး ဆောင်ရွက်နိုင်မလဲဆိုတာဆွေးနွေးတယ်”ဟု ၎င်းက သတင်းထောက်များကို ပြောသည်။

 ထို့ပြင် DPN ဘက်မှ ယခု ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နှစ်ဖက် တရားဝင် ထပ်မံတွေ့ဆုံဆွေးနွေးရန် အဆိုပြုထားပြီး ယင်းအဆိုပြုချက်အပေါ် ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်ကို   ပြန်လည်တင်ပြသွားမည်ဟု ၎င်းက ပြောသည်။

 ဇန်နဝါရီ ၁၃ရက်က တွေ့ဆုံမှုအတွင်း နှစ်ဖက် ဆွေးနွေးမှုမှ ရရှိချက်များကို ပြည်ထောင်စုကော်မရှင်သို့ ပြန်လည်တင်ပြသွားမည် ဖြစ်ပြီး ယခုဆွေးနွေးမှု ရလာဒ်ကို ယခင်ဆွေးနွေးမှုများထက် အားရမှုရှိသည်ဟု ဦးလှမောင်ရွှေက ပြောသည်။

 ဆွေးနွေးပွဲတွင် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်ကြည်၊ ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦး၊ ဦးကျော်လင်းဦးတို့ ဖြစ်ပြီး DPNဘက်မှ ခူဦးရယ်၊ ဗိုလ်ချုပ်ဂွမ်မော်၊ ဦးထွန်းဇော်၊ ဒေါက်တာနိုင်ရွှေသိန်း၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ စပ်ဆေအွန်၊ နိုင်အောင်မငေးတို့ တက်ရောက် ဆွေးနွေးခဲ့သည်။

NCA လက်မှတ်မရေးထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)မှ ဖွဲ့စည်းထားသော DPN နှင့် ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့တို့သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၉ ရက်နှင့် ၁၀ ရက်များတွင် တတိယအကြိမ်အဖြစ် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခု ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly