မတူညီတာတွေကို ယုံကြည်နားလည်မှုနဲ့ ငြိမ်းချမ်းရေးတည်ဆောက်စေချင်တယ်ဆိုတဲ့ မေဖြူဖြူနဲ့ တွေ့ဆုံခြင်း (အပိုင်း-၁)

မတူညီတာတွေကို ယုံကြည်နားလည်မှုနဲ့ ငြိမ်းချမ်းရေးတည်ဆောက်စေချင်တယ်ဆိုတဲ့ မေဖြူဖြူနဲ့ တွေ့ဆုံခြင်း (အပိုင်း-၁)
ဓာတ်ပုံ-သူရ

မင်္ဂလာပါ မဇ္ဈိမ ပရိသတ်များခင်ဗျား။ ဒီကနေ့ တွေ့ဆုံမေးမြန်းဖို့ ဖိတ်ကြားထားတဲ့သူကတော့ ဇန်နဝါရီလ ၁ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ လူငယ်တွေ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ပါဝင်ခဲ့တဲ့ မမေဖြူဖြူနဲ့ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ မမေဖြူဖြူကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါမှာ ဘာတွေဆွေးနွေးခဲ့လဲဆိုတာရယ် ပြီးတော့ လူငယ်တစ်ယောက်ရဲ့ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက် လူငယ်တစ်ယောက်အနေနဲ့ ငြိမ်းချမ်းရေးအတွက် ဘာတွေဆောင်ရွက်နေတာလဲဆိုတာကို တွေ့ဆုံဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။

မင်္ဂလာပါညီမလေးရေ။

ဟုတ် မင်္ဂလာပါ။

ဇန်နဝါရီလ ၁ ရက်နေ့မှာ နှစ်သစ်ကူးမှာ ပထမဦးဆုံးအနေနဲ့ အန်တီ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ ညီမလေးတို့ လူငယ်တွေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့   ဆွေးနွေးဖို့ဆိုပြီးတော့   တွေ့ဆုံခဲ့တယ်ပေါ့နော်။ စပြီးတော့ ပါဝင်ဖြစ်ခဲ့ပုံလေး ရှင်းပြပေးပါဦး။

စပြီးတော့ ပါဝင်ဖြစ်ခဲ့တာကတော့ မေဖြူတို့ ပထမ လူငယ်မူဝါဒရေးဆွဲရေး မြန်မာနိုင်ငံ မူဝါဒရေးဆွဲရေးအတွက် လူငယ်တွေ စုစည်းမိကြတယ်။ စုစည်းမိကြတော့ မေဖြူက အမျိုးသမီးကိုယ်စားလှယ်အနေနဲ့  ပါဝင်တယ်။ ပါဝင်ပြီးတော့ အဲဒီလူငယ်တွေကလည်း အခုလက်ရှိ မူကြမ်းရေးဆွဲနေကြတယ်ပေါ့နော်။ မူကြမ်းရေးဆွဲဖို့ ကြိုးပမ်းနေကြတယ်။ ဒီလူငယ်တွေနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းလေး လုပ်မယ်ဆိုတော့ တိုင်းနဲ့ ပြည်နယ်တွေ အကုန်လုံးပါတယ်လေ။ ပါပြီးတော့ ပြည်နယ်တစ်ခုမှာ လူငယ်ကိုယ်စားလှယ်တွေက ၂ ယောက် ၃ ယောက် ရှိကြတယ်။ ရှိကြတဲ့အခါကျတော့ အကုန်လုံးထဲက ရွေးလိုက်တာပေါ့။ ၁၈ ယောက်ကို ရွေးလိုက်တယ်။ တကယ်တော့ အနောက်မှာထိုင်နေတာလည်း အများကြီးကျန်နေသေးတယ်ပေါ့နော်။ အဲဒီအထဲကမှ ၁၈ ယောက်ကို ရွေးလိုက်တာပေါ့။ ဒါကလည်း အကုန်လုံးရဲ့ ထောက်ခံချက်လည်းပါတယ်။ ပြီးတော့ မဲလည်းနှိုက်လိုက်တယ်။ မဲနှိုက်တော့ အကုန်လုံးက ထောက်ခံတယ်။ ဒီလူက ဆွေးနွေးနိုင်တယ်။ အဲလိုမျိုး ရွေးပြီးတော့ တစ်စည်းတစ်လုံးတည်း လူငယ်တွေကပဲ ရွေးချယ်တယ်။ အဲဒီမှာ လူမှုဝန်ထမ်းက ဦးစီးပေးတယ်။ နှစ်သစ်ကူးမှာ ငြိမ်းချမ်းရေးစကားဝိုင်းလေးနဲ့ စမယ်ဆိုတော့ အဖွင့်လေးလည်းကောင်းတာပေါ့။ မင်္ဂလာလည်း ရှိတာပေါ့။ မေဖြူတို့ လူငယ်တွေအနေနဲ့လည်း ဆွေးနွေးပွဲလုပ်တာဖြစ်တဲ့အတွက် ဒါ ပထမဆုံးအကြိမ်ပေါ့။ ဒါက အရမ်းကောင်းတဲ့ အိုင်ဒီယာလေးပေါ့နော်။

ဟုတ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါမှာရော ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ အဓိက ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးဖြစ်ခဲ့တာလဲ။

အဓိက ခြုံပြောရမယ်ဆိုရင်တော့ ပြည်ထောင်စုစိတ်ဓာတ်အကြောင်းကတော့ အဓိက ပါသွားတာပေါ့နော်။ အဓိကပြောရမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် စည်းစည်းလုံးလုံးရှိဖို့ နောက်ပြီးတော့ စာနာထောက်ထားတက်ဖို့ သူ့ဘက်က ကိုယ့်ဘက်က မျှပြီးတော့ ကြည့်တက်ဖို့ နောက်ပြီးတော့ ဒီ တစ်ယောက်နဲ့တစ်ယောက် ဝေမျှပြီးတော့ အကျိုးတူပူးပေါင်းတက်တဲ့ အလေ့အထလေးတွေကို ဆွေးနွေးဖြစ်သွားတာပါ။

အဲလို တွေ့ဆုံဆွေးနွေးတဲ့နေရာမှာရော ကိုယ်ရည်မှန်းထားတာနဲ့ ကိုယ်မဆွေးနွေးလိုက်ရတာတွေရှိလား၊ ဆွေးနွေးမှုအပေါ်မှာရော အားရမှုရှိလား။

တွေ့ဆုံမှုအပေါ်မှာလည်း အားရမှုရှိတယ်။ အားရမှုရှိတယ်ဆိုတာက ဘယ်လိုပြောမလဲ လူငယ်တွေဖြစ်တဲ့အတွက် လူငယ်တွေရဲ့ မတူညီ ကွဲပြားတဲ့ အမြင်တွေ အကုန်လုံးရှိတာပေါ့နော်။ အမြင်မတူတဲ့အတွက်ကြောင့်မို့ ပရိသတ်အနေနဲ့ကလည်း သူ့အမြင်နဲ့သူရှိမှာပဲ။ လက်ချောင်းလေးတွေတောင် မညီတာလေ။ ဒါပေမယ့် ချီးကျူးစရာကောင်းတာကတော့ အကုန်လုံး တွေ့မြင်ရတဲ့အတိုင်းပဲ လူငယ်တွေက ဘယ်လိုပြောမလဲ အမြင်တွေလည်း မတူဘူး အသက်အရွယ်အားဖြင့်လည်း မတူဘူး မတိမ်းမယိမ်းရှိတယ်၊ ကွာတာရှိတယ်။ အဲလိုပဲ အတွင်းအပြင်မတူဘူး။ ပြီးရင် လာတဲ့ တိုင်းနယ်ပြည်နယ် ဒေသတွေမတူဘူး။ အယူအဆတွေလည်း မတူဘူ။ ယဉ်ကျေးမှုလေးတွေလည်း ကွဲပြားတယ်။ အဲဒီအပေါ်မှာ ဘာသာစကား အသုံးအနှုန်းလေးတွေလည်း ကွဲပြားကြတယ်ပေါ့နော်။ အဲဒါလေးတွေကို အချင်းချင်း ညှိယူထားကြတယ်ပေါ့နော်။ ဒီလူငယ်လေးတွေတောင်မှ ဒီလိုမျိုး စည်းစည်းလံုံးလုံး ဖြစ်တာလေ နောက်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ခင်ခင်မင်မင် ရင်းရင်းနှီးနှီးဖြစ်အောင် နေနိုင်တာလေ။ အဲလိုမျိုးလေးတွေကလည်း အခြေခံစိတ်ဓာတ်ပဲပေါ့နော်။ နောက်ပြီးတော့ ပိုပြီးတော့ အနှစ်သာရရှိတာကျတော့ နိုင်ငံတော် အတိုင်ပင်ခံအနေနဲ့ လူငယ်တွေကို ဒီလိုမျိုး အခွင့်အရေးပေးတဲ့အတွက်ကြောင့်မိုလို့လည်း လူငယ်တွေက ဘယ်လိုပြောမလဲ ကိုယ့်ရဲ့ အတွေးတွေ အမြင်လေးတွေကို ဆွေးနွေးလို့ရတယ်။ သူတို့အယူအဆက မှားတယ်မှန်တယ်လို့ ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းက ကိုယ့်ရဲ့အယူအဆနဲ့ ကိုယ်ပဲလေ။ ကိုယ့်ရဲ့လွတ်လပ်ပိုင်ခွင့် သူ့ရဲ့ လွတ်လပ်ပိုင်ခွင့် လူ့အခွင့်အရေးအလျှောက် ပြောဆိုပိုင်ခွင့်ရှိတယ်။ သူပြောလိုက်တာက ဘယ်သူ့ကိုမှလည်း မထိခိုက်ဘူးလေ။ အဲလိုမျိုးလေးတွေမှာလည်း ကြည့်ရှုတဲ့ပရိသတ်တွေအနေနဲ့လည်း နားလည်ပေးစေချင်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်တွေကလည်း ချပြခွင့်ရှိတယ်ပေါ့လေ။ အဲလိုမျိုး အခွင့်အရေးပေးတဲ့တွက်လည်း အရမ်းကောင်းတဲ့ အစီအစဉ်လေးပါ။

အခုလက်ရှိမှာကျတော့ မြန်မာနိုင်ငံမှာဆိုလို့ရှိရင် တိုင်းရင်းသားအဖွဲ့တွေနဲ့ အစိုးရဘက်တွေနဲ့က အခုချိန်ထိ ပဋိပက္ခတွေက ရှိနေတုန်းပဲပေါ့နော်။ လူငယ်တွေကြားမှာတော့ တက်ညီလက်ရှိရှိကြတယ်ပေါ့။ ဒါပေမယ့် အခုလိုအခြေအနေမှာ နိုင်ငံရေးက မတည်ငြိမ်သေးဘူးပေါ့။ ငြိမ်းချမ်းရေးကလည်း စိုးရိမ်စရာ အခြေအနေပေါ်မှာ ရှိနေသေးတယ်။ အဲဒီအပေါ်မှာ လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။ ဒါကို ဘယ်လိုလုပ်သင့်တယ်လို့ ထင်လဲ။

အဲဒါကျတော့ မတူညီတဲ့လူတွေနဲ့ နေဖူးတဲ့သူတွေကတော့ အဲဒီခံစားချက်ကို သိကြတယ်။ သိကြတော့ ညှိကြရတယ်ဆိုတာကလည်း တစ်ယောက်နဲ့တစ်ယောက် အယူအဆတွေကလည်း မတူဘူး။ မတူတော့ ညှိရတဲ့အခါ အရမ်းခက်တယ်။ ဒီ လူငယ်တွေကလည်း မူဝါဒရေးဆွဲဖို့ကို အထဲမှာ အခါပေါင်းများစွာ ငြင်းခုန်နေတာ။ ဒါတောင်မှ လူတစ်စုနော်။ ဟိုလိုမျိုး တစ်နိုင်ငံလုံးက လူတွေကို မပြောဘူးလေ။ အဲဒီ လူတစ်စုတောင်မဟုတ်ဘူး ပြည်နယ်တစ်ပြည်နယ်ထဲတောင်မှ သူတို့အချင်းချင်းတောင် ညှိနေရတာဆိုတော့ လူဆယ်ယောက်ရှိရင် ဆယ်ယောက်ညှိရတယ်။ အယောက် ၂၀ ရှိရင် အယောက် ၂၀ ညှိရတယ်။ တစ်ယောက်နဲ့တစ်ယောက်ကလည်း အယူအဆချင်းမတူဘူး။ တချို့ ကုတ်ကုတ်လေး နေတက်တဲ့သူရှိတယ်။ တချို့က သူမှန်တယ်ထင်ရင် မှန်တဲ့ဟာကိုပဲ ဖြစ်စေချင်တဲ့သူရှိတယ်။ အဲလိုမျိုး ဘယ်လိုပြောမလဲ အဖြူနဲ့အမဲ ဆန့်ကျင်ဘက် ဖြစ်နေတဲ့လူတွေကို ညှိနေရတယ်ဆိုတာကလည်း ဘယ်လိုပြောမလဲ ကိုယ်တိုင်လည်း နိုင်ငံခြားသွားတဲ့အခါတွေမှာဆိုရင်လည်း အဲလိုပဲ ညှိရတာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ယဉ်ကျေးမှုတွေ မတူဘူး။ ဘာသာစကားမတူဘူး။ အယူအဆမတူဘူး။ အဓိက အယူအဆမတူတာပေါ့နော်။ ဆိုတော့ အဲဒီဟာကို ပြောမယ်ဆိုရင်တော့ မတူညီတဲ့ဟာကို လိုက်ပြီးတော့ ညှိပေးနိုင်မယ်၊ ညှိတဲ့အခါမှာလည်း ကိုယ်ရ ငါရ ငါပဲ Popular ဖြစ်ရမယ်ဆိုတဲ့ဟာမျိုး မဟုတ်ဘဲနဲ့ ပြီးရင် သူက ငါ့အပေါ်မကောင်းဘူးဆိုတဲ့ Negative အမြင်တွေ ရှိတယ်ပေါ့နော်။ တချို့ကလည်း ဒီလိုပဲ တွေးနေတယ် ဘာရယ်မဟုတ်ဘဲနဲ့ ငြိမ်းချမ်းရေးအနေနဲ့ နိုင်ငံရေးအနေနဲ့တော့ မဆွေးနွေးလိုပါဘူး။ မေဖြူတို့ ဥပမာအနေနဲ့ အဖွဲ့အစည်းလေး တစ်ခုနဲ့ပဲ ပြောသွားချင်တယ်။ ငြိမ်းချမ်းရေးဆိုတာကလည်း လူတစ်စု စည်းစည်းလုံးလုံးနေရင် မငြိမ်းချမ်းစရာမရှိဘူး။ နားလည်မှုရှိရင် မငြိမ်းချမ်းစရာမရှိဘူးလေ။ မိသားစုတွေမှာလည်း အိမ်တွင်းငြိမ်းချမ်းရေးတွေ ရှိတယ် မရှိဘူး ဒီလိုပဲ လာတာပဲလေ။ ဆိုတော့ အဓိကကတော့ ဘာလဲဆိုတော့ နားလည်မှုရယ် ယုံကြည်မှုရယ် ယုံကြည်ဖို့ကတော့ ခက်ခဲတာပေါ့နော်။ ယုံကြည်မှုဆိုတာက တည်ဆောက်ဖို့ခက်တယ်။ တည်ဆောက်ဖို့ နှစ်တွေ အကြာကြီးလိုတယ်။ ဒါပေမယ့် တစ်ခါပြတ်ပြီးရင်လည်း ပြန်ယုံဖို့ အင်မတန်ခက်ခဲသွားမှာလေ။ အခက်အခဲဆုံးကတော့ ယုံကြည်မှုပဲ။ ယုံကြည်မှုကို တည်ဆောက်ပေးဖို့ လိုမယ်လို့ ထင်တယ်။ ဒါပေမယ့် တည်ဆောက်ဖို့ဆိုရင်လည်း နိုင်ငံရေးနဲ့ချီရင်လည်း ပိုခက်မယ်ပေါ့နော်။ တစ်ယောက်တည်းတောင်မှ တည်ဆောက်ဖို့ဆိုတာ ခက်ခဲတဲ့အရာမျိုးဆိုတော့ အချိန်လည်း ယူရဦးမှာပေါ့။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်လည်း နားလည်မှုလေးတွေ တချို့ မိရိုးဖလာ အစွဲတွေကို ပြောင်းလဲပေးနိုင်မယ်ဆိုရင်တော့ ညှိလို့ အဆင်ပြေလာမယ်လို့ ထင်တယ်ပေါ့နော်။ နောက်ပြီးတော့ အတွေးတွေကတော့ မျိုးစုံရှိတယ်။ တချို့ကျတော့ ကိုယ့်လက်ထဲမှာပဲ အကုန်ရှိချင်တယ်ဆိုတာမျိုးပေါ့နော်။ အဲလိုမျိုးလေးတွေကိုလည်း လျော့ပြီးတော့ သူတို့ကိုလည်း အမြင်တွေမျှဝေမယ် ကိုယ်လည်း အဆင်ပြေမယ့် နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မယ့် အခြေအနေမျိုးကို တည်ဆောက်နိုင်မယ်ဆိုရင်လည်း ဒါ ညှိလို့ရသွားမယ်လို့ မေဖြူက ယူဆတယ်။

ဟုတ်ကဲ့။ ဒီယုံကြည်မှုတွေ အားနည်းတဲ့အတွက်ကြောင့်မို့ အခုဆိုရင် တိုင်းရင်းသားဒေသတွေမှာ မတည်ငြိမ်သေးတာ ရှိတယ်ပေါ့နော်။ ဆိုတော့ ဒီလိုမျိုး မတည်ငြိမ်တဲ့အတွက်ကြောင့်မိုလို့ လူငယ်တွေရဲ့ အနာဂါတ်ပေါ့နော် ဘယ်လောက်ထိ စိုးရိမ်စရာ ရှိနေလဲ။

အဲလို မတည်ငြိမ်နေတာကတော့လေ လူငယ်တွေက ကိုယ်တောင်မှ ဘယ်လိုပြောမလဲ တချို့နေရာတွေက သွားရေးလာရေး ခက်ခဲတယ်လေ။ အဓိက ခက်ခဲတာကတော့ ပညာရေးကနေ စပြိးတော့ ထိခိုက်မှာပေါ့နော်။ ပညာရေးဆိုတာ လူတစ်ယောက်အတွက် အရမ်းအရေးကြီးတယ်လေ။ နောက်ပြီးတော့ ဒီလိုမျိုး ဆွေးနွေးပွဲတွေ လုပ်တဲ့အခါမှာလည်း ဘာပဲ ဆွေးနွေးဆွေးနွေးပေါ့လေ။ တွေ့ဆုံဆွေးနွေးဖို့ဆိုတာက လူတစ်ယောက်က လုံလောက်တဲ့ ဗဟုသုတကတော့ ရှိရမှာပဲလေ။ ဗဟုသုတရှာမေးဖို့တောင် အချိန်မှမရှိတာ ဘယ်လိုကိုးကားမလဲ။ ခုနက မေဖြူပြောသလို ခေါင်းဆောင်ကောင်း နောက်လိုက်ကောင်း ယုံကြည်ချက်တွေ စိတ်ဓာတ်တွေ တည်ဆောက်ဖို့ဆိုတာကလည်း သူတို့မှာ ဗဟုသုတရှိဖို့လိုတယ်။ အော် ငါကတော့ ဒီလိုစိတ်ဓာတ်မျိုး ရှိသင့်လားပေါ့။ လူတိုင်းကတော့ သဘာဝအလျှောက် စိတ်ဓာတ်က မဖြစ်လာဘူး။ ဒါပေမယ့် ကောင်းမွန်တဲ့စိတ်ဓာတ်ဆိုတာ ကိုယ်ကိုယ်တိုင်က ပြုပြင်ယူရတာ။ ပြုပြင်ယူရမယ်ဆိုတဲ့ အသိတောင် ရဖို့ကို အချိန်မရှိနေဘူးဆိုနေရင်ကျတော့လည်း တော်တော်အဆင်မပြေဘူးပေါ့နော်။ ဆွေးနွေးရတာ သူတို့ုကိုယ်တိုင်က လေ့လာဖို့ မှတ်သားဖို့ အချိန်မရှိဘူးဆိုတာက ပညာရေးထိခိုက်လာတာနဲ့ ကျန်တဲ့အရာတွေက သူ့ဟာနဲ့သူ ထိခိုက်လာမယ်။ ပညာရေးထိခိုက်လာမယ် ဒါ ဘယ်နေရာပဲဖြစ်ဖြစ် စီးပွားရေး လူမှုရေးတွေ ထိခိုက်လာမယ်။ တွေးခေါ်နိုင်မှု စွမ်းအားတွေလည်း လျော့နည်းလာမယ် ထိခိုက်လာမယ် ဘာပဲဖြစ်ဖြစ် စာအုပ်စာပေ လူ့မိတ်ဆွေပဲဆိုတော့ ဒီကနေ အသိပညာဗဟုသုတတွေ ထိခိုက်လာမယ် နောက်ပြီးတော့ ငြိမ်းချမ်းရေးနဲ့အတွက်ကျတော့ စားဝတ်နေရေးတောင် ခက်ခဲနေတာဆိုတော့ ကျန်တဲ့ ကိစ္စတွေကတော့ စဉ်းစားမနေနိုင်တော့ဘူးပေါ့။ အများကြီး ထိခိုက်သွားတာပေါ့။ လူငယ်ဆိုတာက တိုင်းပြည်ရဲ့ အနာဂါတ်ဆိုတော့ ဒီလူငယ်လေးတွေက အသိညဏ်တွေ ဗဟုသုတ ပြည့်ပြည့်စုံစုံနဲ့ မကြီးပြင်းလာနိုင်ဘူးဆိုရင် သူတို့ အသက်ဆုံးရှုံးမှုမဟုတ်ဘူး လူညွတ်တုံးသွားတာပဲပေါ့နော်။ အသက်ရှင်ရင်လည်း ဒီလူက ဗဟုသုတမရှိဘူး သုံးလို့မရဘူး ဖြစ်နေမှာပေါ့နော်။ သူ့ဟာနဲ့သူတော့လည်း အလုပ်လုပ်ချင်လုပ်မယ် ။

ဆက်လက်ဖော်ပြပါမည်။

အပိုင်း(၂) အားဆက်လက်ဖတ်ရှုရန်-http://www.mizzimaburmese.com/article/22330

Mizzima Weekly