ဂီရော့ဒ်၊ ကိုကွီလင်နှင့် ကိုစီရယ်နီတို့ကို အာဆင်နယ်အသင်းစာချုပ်သစ်များ ချုပ်ဆို

ဂီရော့ဒ်၊ ကိုကွီလင်နှင့် ကိုစီရယ်နီတို့ကို အာဆင်နယ်အသင်းစာချုပ်သစ်များ ချုပ်ဆို

ဇန်နဝါရီ ၁၃၊ အင်္ဂလန် ။            ။ အာဆင်နယ်အသင်းသည် ပြင်သစ်ကစားသမားများဖြစ်သော ဂီရော့ဒ်၊ ကိုကွီလင်နှင့် ကိုစီရယ်နီတို့ကို စာချုပ်သစ်များ အသီးသီး ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်သည်။

အာဆင်နယ်အသင်းသည် တိုက်စစ်မှူးဂီရော့ဒ်ကို ၂ နှစ်ခွဲ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး စာချုပ်သစ်အရ ဂီရော့ဒ်သည် တစ်ပတ်လစာငွေ ပေါင် ၉ သောင်း ရရှိမည်ဖြစ်သည်။

ကွင်းလယ်ကစားသမား ကိုကွီလင်ကိုမူ တစ်ပတ်လစာငွေ ပေါင် ၇၅,၀၀၀ ဖြင့် လေးနှစ်ခွဲ သက်တမ်းတိုးစာချုပ် ချုပ်ခဲ့ခြင်း ဖြစ်သည်။ အသင်း၏အဓိက နောက်ခံကစားသမား ကိုစီရယ်နီကိုမူ ၂၀၂၀ ခုနှစ်အထိ သက်တမ်းတိုးခဲ့ခြင်း ဖြစ်သည်။

စာချုပ်သစ်များ ချုပ်ဆိုပြီးနောက်တွင် နည်းပြအာစင်ဝင်းဂါးက ‘ကျွန်တော်တို့အသင်းရဲ့အဓိက ကစားသမားသုံးဦးက အသင်းမှာ ကာလရှည်ကစားသွားဖို့ လက်မှတ်ရေးထိုးခဲ့ကြတဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။

ကိုကွီလင်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်က စပြီး အသင်းရဲ့နည်းစနစ်ပိုင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်လာခဲ့သူပါ။ ဘာကြောင့်လဲဆိုတော့ သူက နေ့စဉ်နေ့တိုင်း အလွန်ကြိုးစားလို့ပါ။

ဂီရော့ဒ်ဟာဆိုရင်လည်း အခုအချိန်မှာ အတွေ့အကြုံ တော်တော်ပြည့်ဝနေပြီဖြစ်ပြီး အသင်းကိုရောက်စအချိန်ကထက် အများကြီးပြီးပြည့်စုံတဲ့ကစားသမားဖြစ်လာပါပြီ။ ကိုစီရယ်နီကတော့ အသင်းအတွက် အလွန်အရေးပါတဲ့ ကစားသမားတစ်ဦးပါ။ လက်ရှိဘောလုံးကမ္ဘာမှာ အကောင်းဆုံးနောက်ခံလူတစ်ဦးလို့ ထင်ပါတယ်။ သူတို့သုံးယောက်လုံးကို စာချုပ်သက်တမ်းတိုးနိုင်ခဲ့တာက အလွန်ဝမ်းသာစရာကောင်းတဲ့ သတင်းပါပဲ’ ဟု ပြောဆိုခဲ့သည်။

အာဆင်နယ်အသင်းသည် အိုဇေးလ်နှင့်ဆန်းချက်ဇ်တို့ကိုလည်း စာချုပ်သစ်များ ချုပ်ဆိုနိုင်ရန် ဆက်လက်ကြိုးပမ်းလျက်ရှိနေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags