၁၇/၁ပုဒ်မဖြင့် ဖမ်းဆီးခံထားရသည့် ABSDF ရဲဘော် မင်းဌေး အမှု ဇန်နဝါရီလ ၂၃ ရက် ထပ်မံ ချိန်းဆို

၁၇/၁ပုဒ်မဖြင့် ဖမ်းဆီးခံထားရသည့် ABSDF ရဲဘော် မင်းဌေး အမှု ဇန်နဝါရီလ ၂၃ ရက် ထပ်မံ ချိန်းဆို
Photo - Ko Min Htay (Facebook)

ချင်းမိုင်၊ ဇန်နဝါရီ ၁၃ ။            ။ မတရားအသင်းနှင့် ဆက်သွယ်ရေးမှု ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆိုထားသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရတစ်တပ်ဦး(ABSDF) ဗဟိုကော်မတီဝင် ရဲဘော်မင်းဌေး အမှုရုံးချိန်းကို လာမည့် ဇန်နဝါရီလ ၂၃ ရက်တွင် ထပ်မံ စစ်ဆေးမည်ဟု သိရသည်။

“ဒီနေ့က အမှုစွဲချက်စတင်တာ စစ်ဆေးမှုဘာမှ မလုပ်ဘူး။ ကိုမင်းဌေးကို ရဲစစ်ဆေးထားတဲ့ဟာတွေ၊ သက်သေခံပစ္စည်းတွေနဲ့ စစ်ဆေးပြီးတော့ တရားရုံး အပ်တဲ့အဆင့်ပဲ။ လာမယ့် ၂၃ ရက်နေ့ကြရင် စစ်ဆေးမှုတွေစမယ်။ တရားလိုဘက်ကို စတင်စစ်ဆေးသွားမှာပါ”ဟု ABSDF မှ အတွင်းရေးမှူး(၁) ရဲဘော်မြင့်ဦးက မဇ္ဈိမကိုပြောသည်။

ဇန်နဝါရီလ ၁၃ ရက်က မိုးမောက်မြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးချိန်း၌ ရဲတပ်ဖွဲ့မှ စစ်ဆေးထားသော သက်သေခံပစ္စည်းများကို တရားရုံးသို့ လွဲအပ်ခဲ့သည်ဟု သူက ပြောသည်။

ရဲဘော်မင်းဌေးကို KIA အကျိုးဆောင်ရွက်ခဲ့သည်ဟုဆိုကာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်က ဗန်းမော်-လွယ်ဂျယ်ကားလမ်းပေးရှိ စိန်လုံဂိတ်တွင် ဖမ်းဆီးခဲ့ပြီး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၂၁ မှ ဗိုလ်မှူး သက်ဆွေလင်းက တရားလိုပြုကာ ပုဒ်မ ၁၇/၁ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။ လက်ရှိ ရဲဘော်မင်းဌေးကို ဗန်းမော်အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်။

ဇန်နဝါရီလ ၁၁ ရက် ABSDF မှ အတွင်းရေးမှူး (၁) ဦးဆောင်သော ကိုယ်စားလှယ် ၃ ဦးသည် ရဲဘော်မင်းဌေး ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဗန်းမော်အကျဉ်းထောင်သို့ သွားရောက်ခဲ့ကာ ဗန်းမော်ခရိုင် ရဲမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ စကခ ၂၁ မှ တာဝန်ရှိသူများနှင့် စစ်ဘက်ဆိုင်ရာအဖွဲ့ (စရဖ)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ABSDF မှ အတွင်းရေးမှူး(၁) ရဲဘော်မြင့်ဦးက ပြောသည်။
 
ထို့ပြင် ရဲဘော်မင်းဌေးနှင့်လည်း ဗန်းမော် အကျဉ်းထောင်တွင် တွေ့ဆုံခွင့်ရခဲ့ရာ ကျန်းကျန်းမာမာတွေ့ရကြောင်း ၎င်းက ပြန်ပြောပြသည်။

ရဲဘော်မင်းဌေးဖမ်းဆီးခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ဇန်နဝါရီလ ၁၀၊ ၁၁ ရက်များတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့မှ ခေါင်းဆောင်များ ကရင်ပြည်နယ် လော်ခီးလာတွင် အရေးပေါ်အစည်းအဝေး ပြုလုပ်၍ ရဲဘော်မင်းဌေးနှင့် ALP မှ အဖွဲ့ဝင်များ ဖမ်းဆီးခံရမှုအပေါ် ညှိနှိုင်းဖြေရှင်းမှုများ ပြုလုပ်ရန် KNU မှ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်သော ၅ ဦးပါ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။
 
ABSDF သည် ဦးသိန်းစိန်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို တခြားသော အဖွဲ့အစည်း ၇ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးထားသော အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags