ငြိမ်းချမ်းရေးဆွေးနွေးမှု ၅ နှစ်ကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တစ်ကျော့ပြန် တိုက်ပွဲများ ဆက်လက်ဖြစ်နေဆဲဟု DPN ပြော

ငြိမ်းချမ်းရေးဆွေးနွေးမှု ၅ နှစ်ကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တစ်ကျော့ပြန် တိုက်ပွဲများ ဆက်လက်ဖြစ်နေဆဲဟု DPN ပြော

ချင်းမိုင်၊ ဇန်နဝါရီလ ၁၃  ။            ။ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ၅ နှစ်ကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာသဖြင့် စိတ်မချမ်းသာစရာ ဖြစ်နေပြီး   နှစ်ဖက်ယုံကြည်မှု၊ နားလည်မှု ကင်းမဲ့နေဆဲ ဖြစ်သည်ဟု DPN ခေါင်းဆောင် ခူဦးရယ်က ပြောသည်။

ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးကော်မရှင်မှ ဦးအောင်ကြည် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) ကိုယ်စားလှယ်တို့ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် တွေ့ဆုံစဉ် အဖွင့်အမိန့်မိန့်ခွန်းတွင် DPN ခေါင်းဆောင် ခူဦးရယ်က ထည့်သွင်းပြောဆိုခဲ့သည်။

“မြေပြင်မှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အပြင်ကို တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်၊ ငတ်ပြတ်နေရတဲ့ အခြေအနေ အတော်ကို စိတ်မကောင်းစရာပါပဲ။ ငြိမ်းချမ်းရေးစကားပြောနေတဲ့  ကာလမျိုးတွေမှာ ဒီဖြစ်ရပ်တွေဟာ မကောင်းတော့ဘူးလို့ ယူဆတယ်”ဟု ခူဦးရယ်က ပြောသည်။

“ကျွန်တော့ရဲ့ အနှစ်ချုပ် သုံးသပ်ချက်ကတော့ ကျွန်တော်တို့အချင်းချင်းကြားထဲမှာ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုဟာ ကင်းမဲ့နေဆဲပဲ ဆိုတာကို ကောက်ချက်ဆွဲပါတယ်။ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု စဉ်းစားလည်း မယုံကြည်နိုင်စရာတွေ ဖြစ်နေတယ်။ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် နားလည်မှု အားကောင်းဖို့အတွက် ကြိုးပမ်းကြလည်း အပြန်အလှန် နားလည်မှု ခက်ခဲနေကြတဲ့ အခြေအနေမျိုး ဖြစ်နေကြတယ်ဆိုတာကို ငြင်းပယ်လို့ မရတဲ့ အမှန်တရားလို့ မြင်ပါတယ် ” ဟု ခူဦးရယ်က ပြောသည်။

တစ်နှစ်နှင့် ၅ လကြာ တွေ့ဆုံဆွေးနွေးခဲ့သည့် NCA ကိုကျော်လွားနိုင်ရန်အတွက် ပိုမိုတိကျခိုင်မာစေရန် DPN မှ တင်ပြထားသည့် အချက်အလက်များကို ညှိနှိုင်းဆောင်ရွက်နေမှုသည်လည်း ယနေ့ထိ တိုးတက်ဖြစ်ပေါ်မှု မရှိသေးကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

ယနေ့ အလွတ်သဘောတွေ့ဆုံမှုတွင် ၎င်းတို့ တင်ပြထားသည့် အချက် ၈ ချက်နှင့် မြေပြင်တွင် တိုက်ပွဲဖြစ်ပွားနေမှုများ အပေါ် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ခူဦးရယ်က ပြောဆိုခဲ့သည်။

ငြိမ်းချမ်းရေးကော်မရှင် ဦးအောင်ကြည်ကလည်း တွေ့ဆုံဆွေးနွေးခြင်းဖြင့် မြေပြင်အခက်အခဲများကို အကောင်းဆုံး ဖြေရှင်းနိုင်မည် ဖြစ်ကြောင့် အဖွင့်မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags