၁၇/၁ ဖြင့် စွဲဆိုဖမ်းဆီးခံရသည့် ABSDF မှ ရဲဘော်မင်းဌေးကို ယနေ့ စစ်ဆေးမည်

၁၇/၁ ဖြင့် စွဲဆိုဖမ်းဆီးခံရသည့် ABSDF မှ ရဲဘော်မင်းဌေးကို ယနေ့ စစ်ဆေးမည်
ဗန်းမော် အကျဉ်းထောင်တွင် ရဲဘော်မင်းဌေးနဲ့ ABSDF က ကိုယ်စားလှယ်များ ဇန်နဝါရီ ၁၁ရက်က တွေ့ဆုံစဉ်။ (ဓာတ်ပုံ- မိုးလှိုင်ဖေ့စ်ဘုတ်)

 ချင်းမိုင်၊ ဇန်နဝါရီ ၁၃ ။             ။  မြန်မာနိုင်ငံလုံးဆိုင်ရ ကျောင်းသာများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုကော်မတီဝင် ရဲဘော်မင်းဌေးကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် ဇန်နဝါရီလ ၁၃ ရက်တွင် မိုးမောက်မြို့နယ် တရားရုံး၌ စတင်စစ်ဆေးတော့မည် ဖြစ်သည်။

 “တရာလိုအဖြစ် တရားစွဲထားတာက စကခ ၂၁ က စွဲထားတာ။ သူလွတ်မြောက်ဖို့က ဥပဒေရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဖြစ်နေတဲ့ အခါကြတော့ အကောင်းဆုံးတော့ လုပ်ဆောင်နေပါတယ်။ လွတ်မြောက်ဖို့အတွက်များပါတယ်”ဟု ABSDF မှ အတွင်းရေးမှူး(၁) ရဲဘော်မြင့်ဦးက မဇ္ဈိမကို ပြောသည်။

 ဇန်နဝါရီလ ၁၁ ရက် ABSDF မှ အတွင်းရေးမှူး (၁) ဦးဆောင်သော ကိုယ်စားလှယ် ၃ ဦးသည် ရဲဘော်မင်းဌေး ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဗန်းမော်အကျဉ်းထောင်သို့ သွားရောက်ခဲ့ကာ ဗန်းမော်ခရိုင် ရဲမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ စကခ ၂၁ မှ တာဝန်ရှိသူများနှင့် စစ်ဘက်ဆိုင်ရာအဖွဲ့ (စရဖ)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သူက ပြောသည်။

 ထို့ပြင် ရဲဘော်မင်းဌေးနှင့်လည်း ဗန်းမော် အကျဉ်းထောင်တွင် တွေ့ဆုံခွင့်ရခဲ့ရာ ကျန်းကျန်းမာမာ တွေ့ရကြောင်း ၎င်းက ပြန်ပြောပြသည်။

 ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်က ရဲဘော်မင်းဌေးကို ဗန်းမော်-လွယ်ဂျယ်ကားလမ်းပေးရှိ စိန်လုံဂိတ်တွင် ဖမ်းဆီးခဲ့ပြီး ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၂၁ က အရာရှိ တစ်ဦးက KIA အကျိုးဆောင်ရွက်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၁၇/၁ ဖြင့် အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

 ဇန်နဝါရီလ ၁၀၊ ၁၁ ရက်များတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့မှ ခေါင်းဆောင်များ ကရင်ပြည်နယ် လောခီးလာတွင် အရေးပေါ် အစည်းအဝေး ပြုလုပ်၍ ရဲဘော်မင်းဌေးနှင့် ALP မှ အဖွဲ့ဝင်များ ဖမ်းဆီးခံရမှုအပေါ် ညှိနှိုင်းဖြေရှင်းမှုများ ပြုလုပ်ရန် KNU မှ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်သော ၅ ဦးပါ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီ   ဖြစ်သည်။

ABSDF သည် ဦးသိန်းစိန်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို တခြားသော အဖွဲ့အစည်း ၇ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးထားသော အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly