ကေအန်န်ယူနှင့် မွန်ပြည်သစ်ပါတီတို့ တိုက်ပွဲဖြစ်ပွားရခြင်းမှာ နယ်မြေကိစ္စအပေါ် အခြေခံခြင်းဟု နှစ်ဘက်ပြော

ကေအန်န်ယူနှင့် မွန်ပြည်သစ်ပါတီတို့ တိုက်ပွဲဖြစ်ပွားရခြင်းမှာ နယ်မြေကိစ္စအပေါ် အခြေခံခြင်းဟု နှစ်ဘက်ပြော

မြိတ်၊ ဇန်နဝါရီ- ၁၂ ။             ။ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း ဇန်နဝါရီ ၁၁ ရက်၊ နံနက်ပိုင်းပိုင်းက ကေအန်န်ယူတပ်မဟာ(၄)နှင့် မွန်ပြည်သစ်ပါတီတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နယ်မြေကိစ္စအပေါ် အခြေခံ၍ ဖြစ်ပွားရခြင်းဟု နှစ်ဘက်စလုံးက ဆိုသည်။

တိုက်ပွဲဖြစ်ပွားရသည့်အကြောင်းအရင်းအပေါ် နှစ်ဘက်စလုံးက နယ်မြေထိန်းချုပ်မှုပြဿနာအပေါ် အခြေခံ၍ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ကြပြီး အဆိုပါဒေသတွင် ကရင်နှင့် မွန်လူမျိုးများ နေထိုင်လျက်ရှိသည်။

“ အဓိကဖြစ်ပွားတဲ့ ပြဿနာက မြေယာပြဿနာဖြစ်ပါတယ်။ နယ်မြေထိန်းချုပ်ပြဿနာပေါ့။ မွန်ပြည် သစ်ပါတီကို အဲဒီနယ်မြေမတိုးချဲ့ပါနဲ့။ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေချင်တာကို သူတို့လက်မခံဘူး။ ကရင်လူထုတွေကိုလည်း သူတို့ရွာဟောင်းတွေအတွက် တားမြစ်တယ်။ ရွာတွေမှာ သူတို့ မိုင်းထောင်တယ်။ ဒါကြောင့် ဒီလိုမျိုး ခဏခဏဖြစ်လာတော့ အောက်ခြေပိုင်း ပြဿနာဖြစ်လာတယ် ” ဟု ကေအန်န်ယူ မြိတ်၊ထားဝယ်ခရိုင် အတွင်းရေးမှူး ဖဒိုစောအယ်နားက မြိတ်မြို့တွင် ကျင်းပလျက်ရှိသည့် ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲသို့ တက်ရောက်လာစဉ် မဇ္ဈိမသို့ ပြောသည်။

ကေအန်န်ယူတပ်မဟာ(၄)နှင့် မွန်ပြည်သစ်ပါတီတို့အကြား ပြီးခဲ့သည့်နှစ် ဒီဇင်ဘာအကုန်ပိုင်းမှ ယခု ဇန်နဝါရီလအတွင်း တိုက်ပွဲ လေးကြိမ်ခန့်ဖြစ်ပွားခဲ့ပြီးဖြစ်ကာ ဇန်နဝါရီ ၁၁ ရက်နေ့ တစ်နေ့တည်း တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

“တိုက်ပွဲဖြစ်တဲ့ ဒီနယ်မြေက ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့ အုပ်ချုပ်ရေးနယ်မြေပေါ့။ ထို့အတူပဲ ကေအန်န်ယူဘက်လည်း သူတို့အုပ်ချုပ်ရေးနယ်မြေဆိုပြီးတော့ သတ်မှတ်ထားတယ်။ ဒါက ဟနေတဲ့ အကြောင်းအရာပေါ့။ နယ်မြေအငြင်းပွားမှု အရင်းခံအကြောင်းပေါ့” ဟု မွန်ပြည်သစ်ပါတီပြည်တွင်းတာဝန်ခံ နိုင်ဝင်းလှက တုံ့ပြန်ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အောက်ခြေပိုင်းပြဿနာအဖြစ် ခေါင်းဆောင်ပိုင်း ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ကေအန်န်ယူဘက်မှ ပြောဆိုသကဲ့သို့ ထိန်းချုပ်နယ်မြေအငြင်း ပွားမှုကြောင့် တိုက်ပွဲဖြစ်ရခြင်းသာဖြစ်သည်ဟု မွန်ပြည်သစ်ပါတီကလည်း ပြောဆိုခဲ့သည်။

ကေအန်န်ယူအနေဖြင့် အပစ်ရပ် (NCA)လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ မွန်ပြည်သစ်ပါတီအနေဖြင့် NCA လက်မှတ် မရေးထိုးရသေးသော အဖွဲ့အစည်းဖြစ်သည်။  လက်ရှိအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ပထမဆုံးပြုလုပ်နေချိန်မှာ နယ်မြေအငြင်းပွားမှုတိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly