မင်းသားမလုပ်ရတော့တဲ့နေ့ ရှိရင်တောင် ရုပ်ရှင်လောကကနေ အနားယူမယ့်နေ့တော့ မရှိပါဘူး ဆိုတဲ့ ဖြိုးငွေစိုး

မင်းသားမလုပ်ရတော့တဲ့နေ့ ရှိရင်တောင် ရုပ်ရှင်လောကကနေ အနားယူမယ့်နေ့တော့ မရှိပါဘူး ဆိုတဲ့ ဖြိုးငွေစိုး

ပေါပေါ့ပါးပါးဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲကို ရောက်ရှိလာတဲ့သူ ဟာသဇာတ်ရုပ်တွေအပြင် ကျရာဇာတ်ရုပ်တွေမှာ ပါသရုပ်ဆောင်နိုင်တဲ့ ဖြိုးငွေစိုး။ လူတွေကို ပျော်ရွှင်ရယ်မောအောင်လုပ်နိုင်တဲ့ သူ့ရဲ့နောက်ကွယ်က စိန်ခေါ်မှုတွေက ဘာတွေများဖြစ်မလဲ။ ကျွန်မကတော့ ယဉ်မွန်ပါ။ အခုဆိုရင် ဖြိုးငွေစိုးနဲ့တွေ့ဆုံဖို့အတွက် သူရှိမယ့်နေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ယဉ်မွန်ရဲ့ လက်ထဲမှာတော့ Yope မေးခွန်း ၅ ခုနဲ့အတူ  Yope Red Chair ရှိနေပါတယ်။

မေး။ အစ်ကိုရေ မင်္ဂလာပါရှင့်။ အခုလို Yope အစီအစဉ်မှာ တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်။ နံပါတ် ၁ မေးခွန်းပါ အစ်ကို ။ လူတွေက ဖြိုးငွေစိုးနာမည်ကြားလိုက်တာနဲ့ ရယ်ရမယ်လို့ ထင်နေကြတယ်ပေါ့။ အဲဒီအပေါ်မှာ အစ်ကို့ရဲ့ စိန်ခေါ်မှုတွေက ဘာတွေများ  ဖြစ်မလဲရှင့်။

ဖြေ။ ကျွန်တော်နဲ့ ရယ်စရာနဲ့ကို အမြဲတမ်းတွဲမြင်နေတာ နည်းနည်းတော့ တစ်ခါတလေကြ ပြဿနာရှိတယ်။ အခုလို အသက်အရွယ်ကြတော့ ပိုဆိုးတယ်။ ကျွန်တော် နည်းနည်းလေး တည်တည်ငြိမ်ငြိမ်လေးတွေ လုပ်ချင်လာတယ်။ အဲဒီအခါကြတော့ ဟာသကလည်း ကျွန်တော့အတွက် မပါလို့ မရဘူးဆိုတော့ တစ်ခါတလေကြရင် အဲဒီ နှစ်ခုကိုရောရတာ တော်တော်လေး ကျွန်တော့အတွက် ခက်တယ်။

မေး။ နံပါတ် ၂ မေးခွန်းက အစ်ကို့ဘဝမှာ တစ်နေ့တာအလိုအပ်ဆုံး၃ ခုကို ပြောပါဆိုရင် ဘာတွေများဖြစ်မလဲ။

ဖြေ။ ကျွန်တော် မနက်စောစော အိပ်ယာက နိုးနိုးချင်း  လိုအပ်တာက ပဲပြုတ်နဲ့ ထမင်း။ အဲဒါ ကျွန်တော့အတွက် နံပါတ် ၁ လိုအပ်တယ်။ နောက်တစ်ခုက ကျွန်တော် အဲဒီနေ့မှာ ရုပ်ရှင်ရိုက်ဖို့ လိုအပ်တယ်ထားပါတော့။ ရုပ်ရှင်နဲ့ ပတ်သက်တာတစ်ခုခုလုပ်ဖို့ လိုအပ်တယ်ပေါ့နော်။ နောက်တစ်ခုက ကျွန်တော့သားနဲ့ကျွန်တော်  ဆော့ရတယ်။

မေး။ နံပါတ် ၃ မေးခွန်းကြတော့လေ အစ်ကို့ရဲ့ Facebook Account ကအမြဲ Update  ဖြစ်တယ်။ တွေ့ရတယ်ပေါ့နော်။အဲဒီတော့ အစ်ကို့ကို Facebook သုံးခွင့် တစ်လပိတ်လိုက်မယ်ပေါ့နော်။ အဲဒါဆိုရင် အစ်ကို နေ့တိုင်းရေးနေတဲ့ Status တွေကို ဘယ်မှာသွားရေးမယ်လို့ စဉ်းစားထားလဲ။

ဖြေ။ Facebook ကို သုံးကြတဲ့ သူငယ်ချင်းတွေနဲ့ မသုံးကြတဲ့သူငယ်ချင်းတွေကြားမှာ ဒါကို သိပ်ကြီး ဘဝတစ်ခုလုပ်နေတာမျိုးတော့ ကျွန်တော်နဲ့ နည်းနည်း ရှော့ခ်ရှိတယ်။ကျွန်တော်ကကြတော့ ဒါကို လိုအပ်သလိုလေးပဲ  သုံးစေချင်တာလေ။ သူက ကိုယ့်ကိုသုံးနေတာကြီးတော့ နည်းနည်းခံရခက်တယ်။ ပြီးတော့ ကျွန်တော့်မှာ အမြဲတမ်းကြီး ရေးတင်စရာ ထူးထူးခြားခြား မရှိပါဘူး။

မေး။ အစ်ကိုနဲ့ အစ်ကို့ညီကြားက ငယ်ငယ်ကမေ့မရတဲ့ ဖြစ်ရပ်လေး  တစ်ခုရှိမယ်ဆိုရင် ဘာများဖြစ်မလဲ အစ်ကို။

ဖြေ။ သေချာတာတစ်ခုကတော့ ဒီကောင်က အမြဲမှန်ပြီးတော့  ကျွန်တော်က အမြဲမှားတဲ့ကောင်။ ငယ်ငယ်ကတည်းက အိမ်မှာဆိုရင်လည်းသူက အငယ်မို့လို့ ဆိုပေမယ့်လည်း သူက  အမြဲမှန်နေတယ်။ မဟုတ်တာ လုပ်တာခြင်း အတူတူတောင် သူက မှန်နေတာ။

မေး။ တကယ်လို့ မနက်ဖြန်သာ ဖြိုးငွေစိုးက ဒီရုပ်ရှင်လောကကနေ အနားယူတော့မယ်ဆိုရင် အစ်ကို ဘာတွေများ ဆက်လုပ်ဖို့ရှိလဲ။

ဖြေ။ ရုပ်ရှင်လောက ကနေ အနားယူဖို့ဆိုတာ မရှိပါဘူး။ မင်းသားမလုပ်ရတော့တဲ့နေ့ ရှိလိမ့်မယ်။ သရုပ်ဆောင် မလုပ်ရတော့တဲ့နေ့ ရှိလိမ့်မယ်။ ဒီရုပ်ရှင်လောကကနေ အနားယူမယ့်နေ့တော့ မရှိပါဘူး။

ဟုတ်ကဲ့ပါ။  ညီမတို့ Yope အစီအစဉ်မှာ မေးခွန်း ၅ ခု  ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly