မြိတ်မြို့ထားဝယ်စုလမ်းစျေး(မြစ်ငယ်စျေး)ကို နံနက်ခင်းစျေးအဖြစ် ဆက်လက်ထားရှိကာ စည်းကမ်းပိုင်း ပိုမို ကြပ်မတ်မည်

မြိတ်မြို့ထားဝယ်စုလမ်းစျေး(မြစ်ငယ်စျေး)ကို နံနက်ခင်းစျေးအဖြစ် ဆက်လက်ထားရှိကာ စည်းကမ်းပိုင်း ပိုမို ကြပ်မတ်မည်
မြိတ်မြို့ထားဝယ်စု ပျံကျဈေးကို ဇန်နဝါရီ ၁၁ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ - ဇော်နီ

မြိတ်၊ဇန်နဝါရီ- ၁၂ ။         ။ မြိတ်မြို့ရှိ ထားဝယ်စုလမ်းဈေးကို ပြောင်းရွှေ့မည် မဟုတ်သေးဘဲ ဈေးသူဈေးသားများနှင့် ရပ်ကွက် အဆင်ပြေစေရေးအတွက် စည်းကမ်းပိုင်းများ ကြပ်မတ်ဆောင်ရွက်တော့မည်ဖြစ်ပြီး စည်းကမ်း မလိုက်နာမှုများ ရှိပါက ဥပဒေအရ အရေးယူမှု ပြုလုပ်သွားမည်ဟု စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ဇန်နဝါရီ ၁၁ ရက်တွင် ပြောဆိုသည်။

“ ဈေးသူဈေးသားတွေနဲ့ရပ်ကွက် အဆင်ပြေအောင် စည်းကမ်းပိုင်းကို ကြပ်မတ်သွားမယ်။ အရေးယူ မှုတွေ လုပ်မယ်။ ပြောင်းရွှေ့ဖို့ လောလောဆယ်နေရာတော့ သတ်မှတ်ချက်   ရွေးထားတာမရှိ   သေးပါဘူး။ အစိုးရအဖွဲ့က ဘယ်လိုညွှန်ကြားချက် ထွက်မလဲစောင့်ရမယ်”ဟု ၎င်းကပြောသည်။

အဆိုပါဈေးရှိ ဈေးသူဈေးသားများနှင့် ရပ်ကွက်ပြည်သူများ တွေ့ဆုံညှိနှိုင်းမှုကို ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်ခဲ့ပြီး ယင်းညှိနှိုင်းဆွေးနွေးပွဲတွင် ဦးမြတ်ကိုကိုက ပြောခဲ့ခြင်းဖြစ်သည်။

“ စည်ပင်သာယာရေးအဖွဲ့က ဒီပျံကျဈေးမှာ လေလံယူထားတဲ့ ဈေးကန်ထရိုက်ကို စည်းကမ်းတကျဖြစ်ဖို့ ၊ လိုင်စင် (c)ယူထားတဲ့ အသားရောင်းချသူတွေကိုလည်း စည်းကမ်း တကျဖြစ်အောင် လုပ်မယ်။ သန့်ရှင်းရေးက အစပေါ့။ မလိုက်နာခဲ့ရင် တင်းကြပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထားဝယ်စုဈေးကို ရပ်ကွက်နေထိုင်သူအချို့က ပြောင်းရွှေ့မှုပြုလုပ်ရန် တင်ပြမှုများရှိခဲ့သော်လည်း ဈေးရောင်းသည့် ဈေးသည်မိသားစုများ စားဝတ်နေရေးကြောင့် ပြောင်းရွှေ့ရန် လုံးဝမဖြစ်နိုင်ကြောင်း ထားဝယ်စုဈေးအတွင်း လက်ရှိ လက်ဖက်ရည်ရောင်းချနေသူ ဒေါ်ခင်တင့်က ပြောသည်။

ရပ်ကွက်နေပြည်သူများဘက်မှလည်း ဈေးသန့်ရှင်းရေးကိစ္စ ၊ စည်းကမ်းသတ်မှတ်ထားသည့် နေရာ ၊ စနစ်တကျရောင်းချရန် သတ်မှတ်အချိန်တို့ ဖြင့် ဆောင်ရွက်မည်ဆိုပါက နံနက်ခင်းဈေးအဖြစ်   ဆောင်ရွက်ရန် လက်ခံနိုင်သည့် အနေအထားဖြစ်ကြောင်း ထားဝယ်စု(ဘီ)လမ်းပေါ်၌ နေထိုင်သူ ဦးအိုဗင်က ပြောသည်။

ထားဝယ်စုဈေး(ယခင်အခေါ် မြစ်ငယ်ဈေး)သည် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်ကတည်းမှ ဗိုလ်ချုပ်လမ်းပေါ်တွင်ရှိခဲ့ပြီး ၁၈၈၉ ခုနှစ်က မြိတ်မြိ့ု မီးလောင်ခဲ့သည့်သည့်နောက်ပိုင်း ထားဝယ်စု (ဘီ)လမ်းသို့ ပြောင်းရွှေ့ခဲ့သည့် ပျံကျဈေးတစ်ခုဖြစ်ကာ လက်ရှိဈေးရောင်းချနေသူပေါင်း ၆၀ ဦး ကျော်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly